မူဆယ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံဝန်ထမ်း (အငြိမ်းစား) များ၏ ပင်စင်လစာငွေကို လစဉ်လတိုင်း စဉ်ဆက်မပျက်ထုတ်ပေး

မူဆယ် ဩဂုတ် ၃၁

နိုင်ငံဝန်ထမ်း(အငြိမ်းစား)များ၏ ပင်စင်လစာငွေကို အမြို့မြို့အနယ်နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်များမှ လစဉ်လတိုင်း စဉ်ဆက်မပျက် ထုတ်ပေးလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းရှင်များ များပြားပြီး နိုင်ငံဝန်ထမ်း (အငြိမ်းစား) များ နည်းပါးသော်လည်း ပင်စင်လစာငွေများကို  လစဉ် (၂၀) ရက်နေ့မှစ၍ နောက်လဆန်းပိုင်းအထိ မြန်မာ့စီးပွားရေးဘဏ်မှ မပျက်မကွက် ထုတ်ပေးလျက် ရှိပါသည်။

ထိုသို့ နိုင်ငံဝန်ထမ်း (အငြိမ်းစား) များ၏ ပင်စင်လစာငွေများ ထုတ်ယူရာတွင် ကာယကံရှင်နိုင်ငံဝန်ထမ်း (အငြိမ်းစား) များ ကိုယ်တိုင်သော်လည်းကောင်း၊ အခက်အခဲ တစ်ခုခုကြောင့် မိမိကိုယ်တိုင်လာရောက် မထုတ်ယူနိုင်ခဲ့လျှင် ကိုယ်စားလှယ်လွှဲစာဖြင့် မိသားစုဝင် တစ်ဦးဦးကလည်းကောင်း ပင်စင်လစာငွေကို လာရောက်ထုတ်ယူနိုင်ပြီး (၃) လလျှင် တစ်ကြိမ်၊ (၆) လလျှင် တစ်ကြိမ်ပင်စာလစာငွေကို စုပေါင်း၍လည်း ထုတ်ယူနိုင်ကြောင်း သိရသည်။ ထို့အပြင် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများကလည်း ပင်စင်လစာငွေ လာရောက်ထုတ်ယူကြသော နိုင်ငံဝန်ထမ်း (အငြိမ်းစား) အဘိုးအဘွားများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့် ပွားမှုမရှိစေရေးအတွက် (၆) ပေအကွာ စနစ်တကျ သက်သောင့်သက်သာအနားယူ၍ ပင်စင်လစာငွေထုတ်ယူရန် စောင့်ဆိုင်းနိုင်ပြီး တစ်ဦးချင်းစီ မြန်ဆန်စွာ ထုတ်ယူဆောင်ရွက်ပေးလျက်ရှိပါသည်။

မူဆယ်မြို့တွင် နိုင်ငံဝန်ထမ်း (အငြိမ်းစား) စုစုပေါင်း (၆၀၀) ဦးကျော်ရှိပြီး ယခုလက်ရှိ ဩဂုတ်လတွင် နိုင်ငံဝန်ထမ်း (အငြိမ်းစား) (၂၅၀) ဦးလာရောက် ထုတ်ယူလျက်ရှိကာ စုစုပေါင်းပင်စင်လစာငွေ မြန်မာကျပ်ငွေ (၇၁,၇၈၂၈၁) ကျပ် ထုတ်ယူလျက် နောက်လဆန်းပိုင်းအထိ လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။ ထို့အတူ ယခင်လ ဇူလိုင်လတွင် နိုင်ငံဝန်ထမ်း (အငြိမ်းစား) စုစုပေါင်း (၁၇၀) ကျော် ပင်စင်လစာငွေ ထုတ်ယူခဲ့ကြောင်း မူဆယ်မြို့၊ မြန်မာစီးပွားရေးဘဏ်မှ တာဝန်ရှိသူထံက သိရသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)