ဗန်းမော် ဩဂုတ် ၃၁
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန ဗန်းမော်မူလတန်းကြိုကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကို ဩဂုတ်လ ၃၀ ရက် နံနက် ၉ နာရီ ခွဲက ကျင်းပခဲ့သည်။
ရှေးဦးစွာ ဗန်းမော်မူလတန်းကြိုကျောင်းခန်းမ၌ အငယ်တန်း “ရုပ်ပုံဆေးရောင်ခြယ်ပြိုင်ပွဲ”၊ အကြီးတန်းနှင့်အငယ်တန်း “လက်ချောင်းပန်းချီပြိုင်ပွဲ”နှင့် အကြီးတန်း “စိတ်ကူးယဉ်ပန်းချီရေးဆွဲ ပြိုင်ပွဲ” တို့ကို ကျင်းပရာ ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်ဥမ္မာဦး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်း၊ ဗန်းမော်မူလတန်းကြို ကျောင်းမှကျောင်အုပ်ဆရာမကြီး ဒေါ်ယဉ်မိုးဆန်း၊ ခရိုင်ပညာရေးမှူရုံးမှ ဦးစီးအရာရှိ ဒေါ်ပပဝင်းနှင့် ဒေါ်သန်းသန်းထွေးတို့က တက်ရောက်အားပေးကြီးကြပ်ခဲ့ကြပြီး ဆုရရှိသူများကို စိစစ်ရွေးချယ်ကြသည်။
ထို့နောက် မွန်းလွှဲ ၁ နာရီခွဲတွင် ဆုချီးမြှင့်ပွဲကိုကျင်းပရာ ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာဦးက “လူမှုဝန်ထမ်းဦးစီးဌာနသည် ပြည်သူလူထုအတွက် အခြေခံလူ့အခွင့် အရေးဒီမိုကရေစီစံနှုန်းများနှင့် ညီညွှတ်သောလူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်း တစ်ရပ်ပေါ်ပေါက်လာပြီး အထောက်အကူပြုစေရန်နှင့် ပြည်သူလူထုဘဝလွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရေးဆိုသည့် မူဝါဒဖြင့်လုပ်ငန်းကြီ(၇)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုမူဝါဒ(၇)ရပ်ထဲမှ ပထမဆုံးလုပ်ငန်းဖြစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို အခုလိုပဲကလေးငယ်များအတွက် လုပ်ဆောင်ပေးနေသည်ဖြစ်၍ အခမ်းအနားသို့ တက်ရောက်လာသည့် သားသားမီးမီးတို့ရဲ့မိဘများက ဒီဗန်းမော်မူလတန်းကြို ကျောင်းကြီးတိုးတက်အောင်၊ ပြည့်စုံအောင် ကောင်းမွန်အပြုသဘောဆောင်သည့် အကြံဉာဏ်များပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြဖို့” တိုက်တွန်းအမှာစကားပြောကြားပြီး ဗန်းမော်မူလတန်းကြို ကျောင်းမှကျောင်အုပ်ဆရာမကြီး ဒေါ်ယဉ်မိုးဆန်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် နှစ်သိမ့်ဆုရရှိသူများကို တာဝန်ရှိသူများက ဆုဆံဆိပ်နှင့် ဆုလက်ဆောင်များအသီးသီး ပေးအပ်ချီးမြှင့်ကြောင်း သိရပါသည်။
ခရိုင်(ပြန်/ဆက်)