ဗဟန်းမြို့နယ် ဖျားနာကုဆေးခန်း Fever Clinic (အခမဲ့ဆေးခန်း)ကို လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centre ၌ဖွင့်လှစ်

ရန်ကုန် အောက်တိုဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) Community Centre ၌ ဖျားနာကုသဆေးခန်း(Fever Clinic)(အခမဲ့ဆေးခန်း) ဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၈ နာရီတွင် အဆိုပါလူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ကျင်းပသည်။ 

အခမ်းအနားတွင် ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်ကကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ ဖျားနာကုဆေးခန်း (Fever Clinic)(အခမဲ့ဆေးခန်း)ဖွင့်လှစ်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် စနစ်တကျ ပြင်ဆင် ဆောင်ရွက်ထားရှိပါကြောင်း၊ အဆိုပါဆေးခန်းကို မည်သည့်နေရာ၊ မည်သည့်ဒေသမှဖြစ်စေ မည်သူမဆို(အခမဲ့)လာရောက်ပြသနိုင်ပါကြောင်းရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်၊ မြို့နယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်း၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်၊ မြို့နယ်ကျန်းမာရေးမှူး ဒေါ်နီနီသော၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းဗိုလ်၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဦးဇော်လွင်နှင့် တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ယခုဖွင့်လှစ်သည့် မြို့နယ်ဖျားနာကုဆေးခန်း(Fever Clinic)(အခမဲ့ဆေးခန်း)ကို အပတ်စဉ် အင်္ဂါနေ့၊ ကြာသပတေးနေ့၊ စနေနေ့၊ တနင်္ဂနွေနေ့များတွင် နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး မည်သူမဆို(အခမဲ့) လာရောက်ပြသကုသပါနိုင်ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)