မိုင်းယောင်း ဩဂုတ် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်ဦးစီး၍ ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းသည် ယမန်နေ့က ပါဟုတ်ကျေးရွာအုပ်စု၊ ပါဟုတ်ကျေးရွာ(ရွာသစ်)တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောမတ်(လော်ခယ်)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်နေထွန်းနှင့် စစ်ကြောင်းကြီးငါးကြောင်းတွင် လိုက်ပါလာသည့် ဌာနဆိုင်ရာများမှ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ရပ်မိရပ်ဖနှင့် ကျေးရွာတာဝန်ခံအုပ်ချုပ်ရေးမှူးတို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့်ပတ်သတ်၍ တင်ပြဆွေးနွေးရာ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး လိုအပ်ချက်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)