မြောက်ဦး ဩဂုတ် ၃၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန် ကြက်ဈေးရပ်ကွက် ၊ အ.မ.က (မူလွန်) ကျောင်း၌ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယလက်ထောက်ဦးစီးမှူး ဦးကျော်ဆန်းနိုင်က "လေထုညစ်ညမ်းမှု" အကြောင်းကို ဟောပြောရာ ကမ္ဘာပေါ်ရှိ မော်တော်ယာဉ်များ၊ စက်ရုံများ၊ ပိုမို များပြားလာသောကြောင့် နေ့စဉ်အသက်ရှင်ရပ်တည်နိုင်ရန် မဖြစ်မနေ လိုအပ်နေသည့် ရေ၊ လေနှင့် အစားအသောက်များသည်လည်း ညစ်ညမ်းလာနိုင်ကြောင်း၊ ထပ်မံ၍ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးဆိုးကျိုးမှုတွင် အသက်ရှူကြပ်ခြင်း၊ မျက်လုံး ကျိန်းစပ်ခြင်း၊ အသားအရည် ခြောက်သွေ့လာနိုင်မှုကြောင်း စသောအကြောင်းအရာများကို ပြောကြားခဲ့သည်။
ထို့နောက် အသိပညာဟောပြောပွဲသို့ ကျောင်းသား၊ကျောင်းသူ (၁၉၀) ဦးခန့်တက်ရောက်ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်တတ်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းတတ်စေရန်အတွက် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)