ရွှေကူ ဩဂုတ် ၃၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၌ မြို့နယ်အဆင့် ဘာသာရပ်များအလိုက် သင်ထောက်ကူတီထွင်ဖန်တီးမှု ပြပွဲ၊ ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြပွဲ၊ ပြိုင်ပွဲဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ အခြေခံပညာကျောင်းများ၌ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်အလိုက် သင်ထောက်ကူပြခန်းထားရှိ၍ အတန်းလိုက် ဘာသာရပ်အလိုက် သင်ခန်းစာများ သင်ကြားသင်ယူရာတွင် လွယ်ကူရှင်းလင်းစွာနားလည်၍ ကျယ်ပြန့်သော ဗဟုသုတရရှိပြီး ဆက်စပ်သင်ယူနိုင်ကြောင်းနှင့် စိတ်ဝင်စားမှု၊ အာရုံစူးစိုက်မှုနှင့် သင်ယူမှုကို လှုံ့ဆော်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းများကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ ပုံများ၊ ကားချပ်များဖြင့် ရေ၏ရွေ့လျားခြင်း၊ လကိုမြင်ရပုံ၊ အခြေခံသင်္ချာ၊ သက်ရှိများ၏လုပ်ငန်းစဉ်များ၊ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ ထန်းလုံးခံတပ်၊ အလျားအတိုင်းအတာ၊ ရုပ်ဂုဏ်သတ္တိနှင့် ရုပ်ပြောင်းလဲခြင်း၊ မြေရှင်ပဒေသရာဇ် ဥရောပစာမြေစနစ်၊ မြတ်ဆရာသခင်ကတော့ပန်းဆင် ဘဝနှင့်အလှ၊ လေထုကိုညစ်ညမ်းစေသော အကြောင်းရင်းများ၊ ငွေကြေး ပုံပေါက်လာပုံ၊ A place I want to visit ၊ Hydraulic Lift ၊ land Animals ၊ My School ၊ Renewable Energy Sources ၊ Bridges စသည့်ဘာသာရပ်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် အခြေခံကျောင်းများအလိုက် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများမှ တီထွင်ဖန်တီးထားသော သင်ထောက်ကူများကို ပြသခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှူခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)