တရုတ်နိုင်ငံဘက်က ကိုဗစ်-၁၉ရောဂါရှာဖွေရေးစက်နှင့် ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း

 

မူဆယ်      အောက်တိုဘာ   ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုပိုးတွေ့လူနာများကို လျင်မြန်စွာ သိရှိပြီး ကူစက်ပျံ့ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက် ကာလတန်ဖိုး တရုတ်ယွမ် သိန်း(၂၀)ကျော် တန်ဖိုးရှိသည့် ကိုဗစ်-၁၉ ရောဂါရှာဖွေရေး စက်နှင့် ဆက်စပ်ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ အဝင်/အထွက်ဂိတ်(နန်းတော်ဂိတ်)၌ လာရောက်ပေးအပ်လှူဒါန်းသည်။

အဆိုပါစက်ပစ္စည်များကို တရုတ်နိုင်ငံ၊ ရွှေလီမြို့တော်ဝန် မစ္စတာရှယ်တာဖုန်းဦးဆောင်သည့်အဖွဲ့က လာရောက်လှူဒါန်းပြီး မူဆယ်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးဥက္ကာက လက်ခံသည်။ ကိုဗစ်-၁၉ ရောဂါ ရှာဖွေရေးစက်ကို မူဆယ်မြို့၊ ခရိုင်ဆေးရုံအသစ်၌ တပ်ဆင်မည်ဖြစ်ပြီး တစ်ရက်လျှင် လူဦးရေ(၂၀၀၀)ခန့်စစ်ဆေးနိုင်မည်ဟု သိရသည်။ တရုတ်နိုင်ငံဘက်မှ လာရောက်လှူဒါန်းသော ကိုဗစ်-၁၉ရောဂါရှာဖွေရေးစက်သည် တရုတ်နိုင်ငံတွင် နောက်ဆုံးထွက်ရှိသည့် စက်ကိရိယာဖြစ်ပြီး မူဆယ်မြို့၌ စနစ်တစ်ကျ တပ်ဆင် အသုံးနိုင်ရန်နှင့် ရောဂါစစ်ဆေးနည်းကို သင်ကြားပေးရန်အတွက် တရုတ်နိုင်ငံ ဘက်က ကျွမ်းကျင်သူ(၄)ဦးက ကူညီဆောင်ရွက် ပေးမည်ဖြစ်သည်။

“အခုနောက်ဆုံးပေါ်စက်ဖြစ်တဲ့အတွက် တရုတ်နိုင်ငံဘက်က ကျွမ်းကျင်သူ(၄)ဦးက တစ်ခါထဲတပ်ဆင် ပေးသွားမှာ ဖြစ်သလို အသုံးပြုနည်းတွေကိုလည်း သင်ကြားပေးသွားမှာ ဖြစ်ပါတယ်၊ ဆေးစစ်တဲ့အခါ (၃)နာရီခန့်ကြာမြင့်ပြီး တစ်ရက်မှာ လူဦးရေ(၂၀၀၀)ခန့်စစ်ဆေးနိုင်မှာဖြစ်တယ်၊ လက်ရှိ မူဆယ်မြို့မှာ ကိုဗစ်-၁၉ရောဂါစစ်ဆေးနေတဲ့ ကုန်တင်ယာဉ်မောင်းတွေနဲ့ ယာဉ်နောက် လိုက်တွေ ကျန်းမာရေးစစ်တဲ့ နေရာမှာ ထိထိရောက်ရောက်စစ်ဆေးနိုင်မှာဖြစ်သလို ပြည်သူလူထုတွေကိုလည်း လိုအပ်တဲ့ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်၊ တရုတ်နိုင်ငံမှာလည်း ဒီစက်ကိုအသုံးပြုပြီးတော့ ရောဂါ စစ်ဆေးနေတာဖြစ်ပြီး မူဆယ်ဒေသအတွက် အရမ်းအကျိုးရှိမှာဖြစ်ပါတယ်”လို့ မူဆယ်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဉက္ကာက ပြောကြားသည်။

ကိုဗစ်-၁၉ရောဂါ ရှာဖွေရေးစက်အသုံးပြုခြင်းနှင့်ပတ်သက်၍ စက်ချိုးယွမ်းချက်များနှင့် အခြားလိုအပ် ချက် များ ရှိပါက တရုတ်နိုင်ငံဘက်က အချိန်နှင့်တစ်ပြေးညီ ကူညီဆောက်ရွက်ပေးမည် ဖြစ်ကြောင်းသိရပြီး နှစ်နိုင်ငံ၊ နယ်စပ်ဒေသအကြောင်းအရာများကိုလည်း (အလွတ်သဘော) ဆက်လက် တွေ့ဆုံဆွေးနွေးကြသည်။

မူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်ဖြင့် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိပြီး အဝင်/အထွက်ပြုနေသည့် ယာဉ်မောင်းများနှင့်ယာဉ်နောက် လိုက်များကိုလည်း (၁၀၅)မိုင်တွင် (Antigen Test Kit)ဖြင့် စနစ်တစ်ကျစစ်ဆေးလျက်ရှိသည်။ အလားတူမူဆယ်မြို့၊ အဝင်/အထွက်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆပ်ကော်မတီအဖွဲ့က ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိပြီး မူဆယ်မြို့သို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်မောင်းများအား ကျန်းမာရေးစစ်ဆေးချက်ထောက်ခံစာ ပါရှိမှသာလျှင် ဝင်ခွင့်ပြုသည်။

မူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါအတည်ပြုပိုးတွေ့လူနာစုစုပေါင်း(၁၅)ဦးရှိသည့်အနက် (၄)ဦးသည်ဆေးရုံ ဆင်းခွင့်ရရှိပြီဖြစ်သည်။ လက်ရှိမူဆယ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံအသစ်၌ ဆေးကုသမှုခံယူသူ စုစုပေါင်း(၁၁) ဦးရှိပြီး ပိုးတွေ့လူနာအားလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)