ညောင်ဦး ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက် တောင်သူများ စိုက်ပျိုးထွက်ရှိထားသည့် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီ ဈေးနှုန်း ၃၃၀၀ ကျပ် ဖြစ်နေကာ ကြက်သွန်ဈေးနှုန်း တက်လာခြင်းကြောင့် ကြက်သွန်နီစိုက် တောင်သူများ ရောင်းချနေကြပြီဖြစ်ကြောင်း သိရသည်။
ဆောင်းကြက်သွန်နီဈေးနှုန်းများ မေလ၊ ဇွန်လတို့တွင် ကြက်သွန်နီ တစ်ပိသာ ၂၂၀၀ ကျပ်မှ ၃၀၀၀ ကျပ်ဈေးထိ ဈေးနှုန်းတက်ခဲ့ပြီး ဇူလိုင်လ ပထမပတ်မှာပင် ကြက်သွန်ဈေးနှုန်း ပြန်လည်ကျဆင်းခဲ့ကြောင်း ဩဂုတ်လ နောက်ဆုံးပတ်တွင် ကြက်သွန်နီဈေးနှုန်း ၃၃၀၀ ကျပ်မှ ၃၅၀၀ ကျပ်ထိ ဈေးတက်လာခြင်းကြောင့် လှောင်ကြက်သွန်နီခေါ် ဆောင်းကြက်သွန်များ ထုတ်ရောင်းနေကြပြီဖြစ်ကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီ အများအပြား စိုက်ပျိုးကြပြီး ကြက်မောက်တောင်ချောင်းတစ်လျှောက် စိုက်ပျိုးခြင်း၊ ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင် ကျေးရွာများမှ စိုက်ပျိုးခြင်း၊ ရေဆုံးအုပ်စုကျေးရွာများ စိုက်ပျိုးခြင်းနှင့် စိတ္ထိန်း၊ ကမ်းဖြူကျေးရွာများတွင် စိုက်ပျိုးကြကြောင်း၊ ဆောင်းကြက်သွန် တစ်သီးစိုက်ပျိုးရန် ပျိုးထောင်ချိန်မှ စိုက်ပျိုးချိန်၊ နှုတ်သိမ်းချိန်ထိ အချိန်ခြောက်လကျော် ကြာမြင့်ကြောင်း၊ ဆောင်းကြက်သွန်မျိုး စတင်ပျိုးထောင်ချိန် သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် ပျိုးထောင်ကြပြီး ပျိုးသက် ၄၅ ရက်ရှိလျှင် ကြက်သွန်စိုက်ခင်းအတွင်းသို့ ရွှေ့ပြောင်းစိုက်ရကြောင်း၊ ရွှေ့ပြောင်းမစိုက်ပျိုးခင်အချိန်ထိ ထွန်ရေးညက်အောင် ထွန်ယက်ရခြင်း၊ မြေဆီ၊ မြေဩဇာ နှပ်ထားရခြင်း၊ ရေလောင်း၊ ရေဖျန်းရန် ကြိုတင်တွင်းတူး တွင်းဖော်ရခြင်းများ ကြိုတင်လုပ်ဆောင်ထားရကြောင်း၊ စိုက်ပျိုးချိန် ပျိုးနုတ်ရန် အလုပ်သမား၊ အလုပ်သမငှားရမ်းရခြင်း၊ စိုက်ပျိုးဖို့ အလုပ်သမား အမြောက်အများ ငှားစိုက်ရခြင်းများက ကြက်သွန်စိုက်ပျိုးသူများ ငွေကုန်ကြေးကျများသည့် လုပ်ငန်းဖြစ်သော်လည်း နှစ်စဉ် နှစ်တိုင်း စိုက်ပျိုးနေကြခြင်းက ကြက်သွန်စိုက်သမားများ နှစ်စဉ်စိုက်ပျိုးစေကြောင်း မုန့်ကုန်းကျေးရွာ ဦးမင်းညိုက ရှင်းပြသည်။ ဆောင်းကြက်သွန်နီ ဈေးနှုန်းများ သုံးနှစ်ဆက်တိုက် အရှုံးပေါ်ခဲ့သော်လည်း ယခုနှစ်တွင် ဈေးနှုန်းကောင်းရန် မျှော်လင့်နေကြကြောင်း၊ သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် ကြက်သွန်နီဈေးနှုန်း အမြင့်ဆုံးသို့ ရောက်ရှိတတ်ကြောင်း၊ ကြက်သွန်နီဈေးနှုန်းများ ဩဂုတ်လ နောက်ဆုံးပတ်မှ စတင်ကာ ဈေးနှုန်းတက်လာခြင်းကြောင့် ကြက်သွန်စိုက် တောင်သူများ ထုတ်ရောင်းချနေကြပြီဖြစ်ကြောင်း သိရသည်။
ဒီပါလင်း