ဖားကန့် ဩဂုတ် ၃၁
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် မော်ဝမ်းကြီးမှော်ရှိ ကျောက်စိမ်းတောင်ကုမ္ပဏီလုပ်ကွက် ကျင်းဟောင်းရေကန်ကို ဩဂုတ်လ ၂၉ ရက် ညနေ ၃ နာရီခွဲခန့်က ထပ်မံ၍ ရေစီးကြောင်းဖောက်ချခဲ့ပြီး ယမန်နေ့ မွန်းလွဲ ၁ နာရီအထိ ၇ ပေခန့် လျှော့ကျသွားခဲ့ကြောင်း သိရသည်။
"အကျယ်အဝန်း (၂၄)ဧကနှင့် အနက်ပေ (၄၀၀)ခန့်ရှိသော ရေကန်ကို ရေဝိတ်လျှော့ရတဲ့အတွက် ယခုထက်ရေဝိတ် ပိုလျှော့ကျသွားအောင် စိုးရိမ်ရသည့် ဒိုင်ကျန်ကျောက်ခုံနားက အကျယ်(၈)ပေ၊ အနက်(၁၄)ပေနှုန်းဖြင့် ထပ်မံဖောက်ချခဲ့တယ်လို့ သိရပါသည်။
ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို ဩဂုတ်လ ၂၂ ရက်နေ့က စတာ၊ အစကတော့ Siphon နည်း ရေပိုက်ဆက်ပြီးလည်း စုပ်ထုတ်တာပေါ့၊ ခုက ရေပိုက်တွေ အကုန်ပြန်သိမ်းပြီဟု" ကျေးရွာအဆင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီက ဆိုပါသည်။
“ရေစီးကြောင်းက နှစ်ခုပေါင်းပြီး တစ်မြောင်းထဲစီးစေတာပေါ့၊ လက်ရှိဖောက်နေတဲ့ကန်ကရေကို အရှည်ပေ (၁၁၀၀)ခန့်ရှည်တဲ့ရေနုတ်မြောင်း ဖောက်ပြီးတော့ မော်မောင်းမှော် (ယူနတီကုမ္ပဏီကျင်းဟောင်းရေကန်)ထဲသို့ တဆင့်ခံပြီးအဲ့ကမှတဆင့် ကာလီချောင်မှော် (KNDPC ကုမ္ပဏီလုပ်ကွက်ကျင်းဟောင်း) ရေကန်ကိုလွှဲပြီး မော်မောင်းချောင်းနှင့် မော်ဝမ်းချောင်းကို စီးစေတယ်”လို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ထိုသို့ ပြည်သူများသဘာဝဘေးအန္တရာယ်မှ ကင်းဝေးရန် ကြိုတင်ကာကွယ် ရေဝိတ်လျှော့ချခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊မြို့နယ်အဆင့်ကြီးကြပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျေးရွာအဆင့်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီမှ လုံးခင်းဖားကန့်တူးဖော်ရေးဌာနက စီမံဆောင်ရွက်ပေးသည့် ကျောက်မျက်ကုမ္ပဏီ(၄)ခု၏ ယာဉ်/ယန္တရား(၄)စီးဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)