ဥတ္တရသီရိ ဩဂုတ် ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးခြင်းကို ဩဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကား ပြောကြားရာ နိုင်ငံအတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆီထွက်သီးနှံများဖြစ်သော ဆောင်းနေကြာ၊ ဆောင်းနှမ်း၊ ဆောင်းမြေပဲများကို အလေးထားစိုက်ပျိုးရန် ကြပ်မတ်ဆောင်ရွက်စေလိုကြောင်း၊ ဆန်ဖူလုံရေးအတွက် မိုးစပါးစိုက်ပျိုးရာတွင် သွင်းအားစု ဖြည့်တင်းရေးနှင့် ရေလုံလောက်မှုရရှိစေရေး ဆည်မြောင်းဦးစီးဌာနမှ အလှည့်ကျရေပေးဝေနိုင်ရေး၊ စိုက်ပျိုးမြေများအတွက် လက်ရှိစိုက်ပျိုးနေသော မြေနေရာတွင် နှစ်သီးမှ သုံးသီးစားစနစ်ဖြင့် စိုက်ပျိုးသင့်ကြောင်း၊ အသားဖူလုံရေးအတွက် မွေးမြူရေးကိစ္စများကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ရည်မှန်းချက်ပြည့်ဝအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများကလည်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်သူက ဆည်ရေများဝင်ရောက်မှုအခြေအနေများ၊ မိုးစပါးအတွက် ရေပေးဝေနိုင်မှုအခြေအနေများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးနိုင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားရှိမှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာတင်ထွန်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် မွေးမြူရေးလုပ်ငန်းများကိုလည်းကောင်း Power Point ဖြင့် အသီးသီးရှင်းလင်းတင်ပြရာ အဖွဲ့ဝင်မှ သက်ဆိုင်ရာကဏ္ဍများအလိုက် ဖြည့်စွက်ဆွေးနွေး ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊မြို့နယ်MSME အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများသည် ဇလောင်းကျေးရွာ ကွင်းအမှတ်-၁၈၈၀ ဦးပိုင်အမှတ်-၂၇/၂၈၊ တောင်သူ ဦးမျိုးဝင်း၏ လယ်မြေ၌ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ၁ အချိုး ၃ အချိုးကျကျ ရောစပ်ပက်ဖျန်းရေး ကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးခဲ့ပြီး တောင်ညိုကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဦးဟိန်းမင်းဇော်၏ ဝက်မွေးမြူရေးခြံအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ငလိုက်ဆည်နှင့် ဖောင်းလောင်ဆည်သို့သွားရောက် ကြည့်ရှုစစ်ဆေးရာ နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တိုင်းမှူး ဦးခင်ဇော်နှင့် တာဝန်ရှိသူများက ရေဝင်ရောက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ အဖွဲ့ဝင်မှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေး ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)