မှော်ဘီ ဩဂုတ် ၃၁
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ ထိန်စွန်းကျေးရွာ၊ ဘိုးဒေါနကုန်းကျေးရွာနှင့် ဝါးဖြူတောကျေးရွာ သုံးရွာတို့တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရရှိငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကာ ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မှော်ဘီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်နှင့် တာဝန်ရှိသူများက ထိန်စွန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရ ငွေကျပ်သိန်း (၁၅၅) ဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်း အရှည် (၆၃၀) ပေ၊ အကျယ် (၁၀) ပေ၊ (၆) လက်မထု၊ ဘိုးဒေါနကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ ကျပ်သိန်း (၂၃၀) ဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းအရှည် (၉၃၀) ပေ၊ အကျယ် (၁၀) ပေ၊ (၆) လက်မထုနှင့် ဝါးဖြူတောကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေကျပ် (၉၅) သိန်းဖြင့် ဆောင်ရွက်ခဲ့သည့် အုတ်စီရေမြောင်း အရှည်ပေ (၂၈၀)၊ အကျယ် (၁) ပေ (၆) လက်မနှင့် အမြင့် (၃) ပေ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက လည်းကျေးရွာနေပြည်သူများ သွားလာရေးများအဆင် ပြေ၍ ရာသီမရွေးသွားလာ အသုံးပြုနိုင်မည်ဖြစ်သလို ရေမြောင်းများလည်းရေစီးရေလာများ ကောင်းမွန်လာတော့မည်ဖြစ်ကြောင်း မှော်ဘီမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စိုးထံမှ သိရသည်။
ဝင်းဇော် (ပြန်/ဆက်)