လယ်ဝေး သြဂုတ် ၃၁
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် နေပြည်တော်ကောင်စီ၊ ညွှန်ကြားရေးမှူး ဦးသူအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ၂၉ရက်နေ့ နံနက်၁၀နာရီခွဲက လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ခဲ့သည့် တံတားဦးကျေးရွာသို့ သွားရောက်၍ လေဘေးကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းအဆောက်အဦး ပြန်လည်ပြုပြင်ပြီးစီးမှု၊ သိမ်ပြန်လည်ဆောက်လုပ်ပြီးစီးမှု၊ ခြံစည်ရိုးနှင့်ယာယီဆေးပေးခန်းဆောက်လုပ်ပြီးစီးမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေး၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ရေး တာဝန်ရှိသူများအား လမ်းညွန်မှာကြားခဲ့သည်။
ဆက်လက်၍ ကျေးရွာအတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေဖြင့် တိုးချဲ့မွေးမြူလိုသော ဒေါ်အေးအေးဇော်၊ ဦးကျော်မိုးမြင့်၊ ဦးသိန်းဇော်ဝင်းတို့၏ အသားတိုးဝက်မွေးမြူရေးခြံများသို့ လှည့်လည်ကြည့်ရှုပြီး၊ ၀က်မွေးမြူသူများအား လုပ်ငန်းတိုးချဲ့လိုပါက လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းတို့နှင့် ညီညွတ်အောင် ကူညီဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာဌာနများအား မှာကြားခဲ့သည်။
ထိုနောက် တံတားဦးကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် အခြေခံပညာမူလတန်းကျောင်းအတွင်း ကျောင်းသူ/ကျောင်းသားများနှင့်ရပ်ရွာနေပြည်သူများသောက်သုံးရန် ရေတွင်းတူးဖော်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများအား တွေ့ဆုံ၍ ကျောင်းသား/သူများ ကျန်းမာကြံ့ခိုင်၍ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်ကျင် စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာလှပရေး၊ အရိပ်ရအပင်နှင့် စားပင်များ စိုက်ပျိုးရန်၊ မိမိတို့ရပ်ရွာနေ ကျောင်းသား/သူကလေးများ ဘဝတိုးတက်ကောင်းမွန်ရေးအတွက် တာဝန်ရှိသူများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ နေပြည်တော်ကောင်စီရန်ပုံငွေဖြင့် ဇွဲဝေသစ်ကုမ္ပဏီမှ ဆောင်ရွက်သည့် လယ်ဝေး-သစ်ပုတ်ပင်သွားကားလမ်းပေါ်ရှိ ရှမ်းစုRCCတံတား၏ ကျန်ရှိသော ဆက်စပ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်က သတ်မှတ်စံချိန်စံညွှန်းဖြင့် ကိုက်ညီပြီး၊ ရေရှည်တည်တံ့ခိုင်ခံ့အောင် ဆောင်ရွက်ရေး၊ သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးအောင် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
၎င်းရှမ်းစု RCC တံတားသည် လယ်ဝေးမြို့နယ်၏ အနောက်ဖက်ကျေးရွာ ၇၈ ရွာနှင့်လူဦးရေ၈၄၉၅၅ ဦးတို့ မှီခိုအားထားအကျိုးပြုနေသောလမ်းပေါ်တွင် တည်ရှိကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)