ကျောက်ဆည် ဩဂုတ် ၃၁
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက်(၁၀)နာရီက ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကလေးဘဝရှေ့အလားအလားနှင့် ဂုဏ်သိက္ခာတို့ကို ကင်းမဲ့စေပြီး ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာသည့်အလုပ် လုပ်ကိုင်နေရသည့် ကလေးငယ်များ၊ ပညာသင်ကြားရေးကို ထိခိုက်နစ်နာစေမည့် အခြေအနေများနှင့် ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေး ပြည်သူများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရန် လိုအပ်သည်များကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဦးစီးအရာရှိဒေါ်ခင်နှင်းရီက အသက်(၁၆)နှစ် မပြည့်သေးသူများကို သတ်မှတ်အလုပ်ချိန်ထက် ကျော်လွန်၍ အချိန်ပိုလုပ်ခွင့်မပြုရေး၊ အသက်(၁၆)နှစ်ပြည့်ပြီး အသက်(၁၈)နှစ် မပြည့်သူများကို အသက်မွေးဝမ်းကျောင်း သင်တန်းဆင်းလက်မှတ်၊ ကျန်းမာကြောင်းဆရာဝန်၏ထောက်ခံချက်ဖြင့် အလုပ်လုပ်ခွင့်ပြုနိုင်ခြင်း၊ အသက်(၁၈) မပြည့်သေးသူများအား အန္တရာယ်ရှိသော အလုပ်များတွင် အလုပ်လုပ်ခွင့်မပြုရေးနှင့် ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)