လယ်ဝေး သြဂုတ် ၃၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ သမိုင်းဝင် ရန်အောင်မြင် ရွှေလက်လှဘုရား၊ ဇဗ္ဗူရာဇ်သိင်္ဂီ၊ သာသနာ့ဗိမာန်တော်ကြီးတွင် ဩဂုတ်လ၂၉ရက်နေ့ နံနက်၉နာရီက (၂၁၇) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပသည်။
အခမ်းအနားသို့ လယ်ဝေးမြို့နယ် သံဃနာယကဥက္ကဋ္ဌဘဒ္ဒန္တကုမာရ(အေလာမြို့၊သရက်တောပရိယတ္တိစာသင်တိုက်)နှင့်ပင့်သံဃာ၁၃ပါး ကြွရောက်တော်မူကာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် ဇနီးဒေါ်ကလျာထွေး မိသားစု၊ တိုင်းပညာရေးမှူးရုံးမှ ဒုညွှန်မှူး ဦးကြာညို၊ တိုင်းကျေးလက်ဦးစီးမှူး ဦးမျိုးမျိုး၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ အဖွဲ့ဝင်ဒုဗိုလ်မှူးကြီး နီဦးခဲနှင့် ခရိုင်အဆင့်တာဝန်ရှိသူများ၊ ဒက္ခိဏသီရိမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရွှေလက်လှဘုရားဂေါပက ဥက္ကဌ ဦးကြည်စိုး နှင့်ဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကာ မေတ္တသုတ်ပရိတ်တရားတော်ရွတ်ဖတ်နာယူသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဇနီးဒေါ်ကလျာထွေးတို့မိသားစုက သမီး မထက်အိရွှေရည်နှင့် သား မောင်ဘုန်းမြတ်နိုင်ခန့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကြွရောက်လာသည့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေသည်။
ဒက္ခိဏသီရိမြို့နယ် သမိုင်းဝင်ရန်အောင်မြင်ရွှေလက်လှ စေတီတော်မြတ်ကြီး (၂၁၇) ကြိမ် မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို သြဂုတ်၂၉ ရက်မှ စက်တင်ဘာ၂ ရက်နေ့ထိ ကျင်းပမည်ဖြစ်ပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဇနီးဒေါ်ကလျာထွေး မိသားစုတို့က အသံမစဲမဟာပဋ္ဌာန်းပွဲအား ဒသမအကြိမ်မြောက် လှူဒါန်းပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)