ဂွ သြဂုတ် ၃၁
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန (မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရဌာန)မှ တာဝန်ရှိသူများသည် ဩဂုတ်လ ၂၉ ရက်နေ့၊ နေ့လယ်ပိုင်းက အ.လ.က ရွှေရချိုင်ကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သွားနှင့်ခံတွင်းဆိုင်ရာ ဒေါက်တာယဥ်ယဥ်ဝင်းက သွားနှင့်ခံတွင်းအကြောင်း ကျန်းမာရေးသရုပ်ပြ ပညာပေးခြင်း၊ မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာအေးက မိုးရာသီတွင်ဖြစ်ပွားတတ်သောရောဂါများနှင့် အစာအာဟာရများအကြောင်း၊ မူးယစ်ဆေးဝါးနှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများအကြောင်း ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ ရွှေရချိုင်ကျေးလက်ကျန်းမာရေးဌာနခွဲမှ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်စမ်းစမ်းသိန်းက လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများနှင့် မိန်းကလေးများတွင်ဖြစ်တတ်သော ရာသီစက်ဝန်းများ အကြောင်းတို့ကို သရုပ်ပြပညာပေး ဆောင်ရွက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများအား သွားတိုက်ဆေးများပေးအပ်ကာ ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများလည်း ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်