မြောက်ဥက္ကလာပမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

မြောက်ဥက္ကလာပ  ဩဂုတ်  ၃၀

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကလေးသူငယ်မှုခင်းများ၊ သက်ငယ်မုဒိမ်းမှုများ လျော့နည်းပပျောက် သွားစေရေး ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍  မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီခွဲက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးသူ က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန် အရှေ့ပိုင်းခရိုင်၊ လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းသိင်္ဂီမင်း က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတွင် ကလေးသူငယ်များ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်ဟူသည့် ဦးစားပေးအုပ်စု (၄)စုရှိကြောင်း၊ ထိခိုက်လွယ်သော အုပ်စုတွင် ကလေး၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးတို့ပါဝင်ကြောင်း၊ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် ပြဋ္ဌာန်းခဲ့သည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေစာအုပ် အခန်း(၁၉) ပုဒ်မ (၆၈)မှ ကလေးသူငယ်၏ ကျင့်ဝတ်စည်းကမ်းများနှင့် မိဘ၊ အုပ်ထိန်းသူနှင့် ဆရာမ ဆရာမများ၏ တာဝန်ဝတ္ထရားများ စသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ကျော်စိုး က ကလေးသူငယ်များ၏ အသက်အထောက်အထားများလိုအပ်ပါက အပြည့်အဝကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များကလည်း အသီးသီးပြန်လည် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)