ပေါင် ဩဂုတ် ၃၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက အ.ထ.က ပေါင် ရွှေရတုခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းညွန့်တင်က အခြေခံပညာကျောင်းများအားလုံး၊ ဂီတအနုပညာဘာသာရပ်သင်ကြားပြသလျက်ရှိပြီး ယခုပညာသင် နှစ်တွင် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လာသူတွေမြင်ရသည့်အတွက် အခြေခံပညာ ဆရာ၊ ဆရာမတွေ တာဝန်ကျေပွန်မှုကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရာရောက်ကြောင်း အမှာစကားပြောကြားသည်။
ပြိုင်ပွဲတွင် ပေါင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဝါသနာရှင်ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်အဆင့်မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဝင်များ၊ လုပ်ငန်း ကော်မတီဝင်များ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများတွင် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ( ၁၈ ) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များက ပြည်နယ်အဆင့်ပြိုင်ပွဲများသို့ တက်ရောက်ယှဉ်ပြိုင်နိုင်မည့်သူများကို စိစစ်ရွေးချယ်အကဲဖြတ်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)