ချောင်းဆုံမြို့နယ်၌ မိုးစပါးစိုက်တောင်သူများအား သီးနှံဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးပညာပေးနှင့် ကွင်းသရုပ်ပြပွဲဆောင်ရွက်

ချောင်းဆုံ ဩဂုတ် ၃၀

လူမှုစီးပွားတိုးတက်ဖို့မျိုးကောင်းမျိုးသန့်သုံးကြစို့ ဆောင်ပုဒ်နှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနမှ အရည်အသွေးကောင်းသော သွင်းအားစုများမှန်ကန်စွာ ထည့်သွင်းသုံးစွဲ၍ အရည်အသွေးပြည့်မီသော သီးနှံများထုတ်လုပ်ရာတွင် အဆင်ပြေစေရေးအတွက် ယမန်နေ့ နံနက်က ချောင်းဆုံမြို့နယ် ခရိုက်သစ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူများက တောင်သူများအားသီးနှံဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး ပညာပေးနှင့် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ခဲ့ကြသည်။     

ဆွေးနွေးပွဲတွင် မိုးစပါးနှင့်ရာသီစိုက်ပျိုးသီးနှံများ အရည်အသွေးပြည့်မီကာ အထွက်နှုန်းပိုမိုတိုးတက်လာစေရန် စပါးနှင့်သီးနှံများတွင် ကျရောက်တတ်သည့် ပိုးမွှားရောဂါအန္တရာယ်မှ ကာကွယ်နိုင်ရေးနည်းလမ်းများ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ မျိုးကောင်းမျိုးသန့်ထုတ်လုပ်သည့် နည်းလမ်းများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်သီးနှံကာကွယ်ရေးတာဝန်ခံနှင့်ဝန်ထမ်းများက ပညာပေးဆွေးနွေးခြင်းနှင့် ကွင်းသရုပ်ပြပွဲများကို ဆောင်ရွက်ပေး ခဲ့ကြောင်းနှင့် ယမန်နေ့က အဆိုပါဆွေးနွေးပွဲနှင့် ကွင်းသရုပ်ပြခြင်းကို ဒရယ်ကျေးရွာနှင့် ကဒါကျေးရွာတို့တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံ (ပြန်/ဆက်)