ကျောက်ဆည် ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းပြီး ရင်သွေးငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ်ဓာတ်၊ စည်းကမ်း ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကျောင်းနေပျော်၍ပညာတော်စေရန်အတွက် ယနေ့ညနေ(၃)နာရီက လူထုအခြေပြုဗဟိုဌာနတွင် ပုံပြော၊ ကဗျာရွတ် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရေး ရင်သွေးငယ်များအား ငယ်ရွယ်စဉ်အချိန်ကပင် ကာယ၊ ဉာဏပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ မူကြိုရင်သွေးငယ်(၂၇)ဦးတို့မှ ဝမ်းစာ၊ တာဝန်ကိုယ်စီ ကဗျာများ၊ ဆင်ကလေးဖြူဖွေး၊ ချိုးနှင့်ပုရွတ်ဆိတ် ပုံပြင်များနှင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အာဟာရမုန့်များနှင့် အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)