မောင်တော ဩဂုတ် ၃၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ လေးမိုင်အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်းက မူးယစ်ဆေးဝါးပပျောက်ရေးနှင့် မူးယစ်ဆေးဝါးနှင့်ပတ်သတ်၍ဆိုးကျိုးများ၊ သုံးစွဲတဲ့အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်ဆိုင်ရာ ထိခိုက်မှုများ၊ ပုဒ်မ၊ ပြစ်မှု ၊ ပြစ်ဒဏ်အား အသိပညာပေးဟောပြောပြီး အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိပ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မောင်တော) မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူး စံမင်းက လူကုန်ကူးမှုဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ၊ လူတစ်ဦးသည် အခြားတစ်ဦးကို အဓမ္မ ပြည့်ဆန်တာလုပ်ခိုင်းစေခြင်းများ၊ အခြားကာမဆိုင်ရာကိစ္စ တစ်မျိုးမျိုးပြုလုပ်စေခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ အမျိုး သမီးများအပေါ် လူကုန်ကူးမှုအခြေအနေများ၊ တရုတ်နိုင်ငံသို့ ရောင်းစားပြီး တရားမဝင် ပေါင်းသင်းနေထိုင်မှုများ၊ အမျိုးသားများအား ငါးဖမ်း လှေများတွင် အသုံးပြုနေမှုများ၊ မည်သူမဆို အမျိုးသမီးများ၊ ကလေးသူငယ်နှင့် လူငယ်များအား လူကုန်ကူးမှုကျူးလွန်ကြောင်းပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းစသည့် ပြစ်မှု၊ ပြစ်ဒဏ်များဆောင်ရန်၊ ရှောင်ရန်များ မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှု တိုင်ကြားနိုင်ရန်အတွက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ အရေးပေါ်ဆက်သွယ်ရရှိနိုင်သည့် ဖုန်းနံပါတ်များအား ပြောကြားကာ လူမှောင်ခိုကူးမှုနှင့် လူကုန်ကူးမှု အခြေအနေများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်းနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၁) လူကုန်ကူးမှု တားဆီး နှိပ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မောင်တော)မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူး စံမင်းနှင့်တပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၁၀၀)ခန့် တက်ရောက်ခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေး ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)