လားရှိုး အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့်ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချို ဦးဆောင်၍ ပညာရေးကောလိပ် Quarantine Center တွင် ထားရှိရာ နေရပ်ပြန်ရန် အခက်အခဲရှိနေသော ပြည်သူလူထု စုစုပေါင်း(၁၃၂)ဦးစာအတွက် ငွေကျပ်(၃)သိန်းတန်ဖိုးရှိ ထမင်းဘူး၊ အချိုရည်၊ ရေသန့်များကို ယနေ့နံနက် (၁၁)နာရီခွဲအချိန် က သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ နေရပ်ပြန်ပြည်သူများသည် လမ်းခရီးအခြေအနေကြောင့် မိမိသို့ဒေသသို့ပြန်ရန် အခက်အခဲများ ရှိနေပါသဖြင့် လားရှိုးမြို့ ပညာရေးကောလိပ် Quarantine Center တွင်ထားရှိကာ မိမိသို့ဒေသသို့ အမြန်ဆုံး ပြန်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့် ကော်မတီမှ စီစဉ်ဆောင်ရွက် နေပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့်ကော်မတီ ဥက္ကဋ္ဌ ဦးအာကာလင်းက ဆောင်ရွက်လျက်ရှိရာ အဆိုပါနေရပ်ပြန်ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးကို မြို့နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက အခမဲ့စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၏ နယ်မြေဒေသအခြေအနေများကြောင့် မီးရထားခရီးစဉ်များပြေးဆွဲမှု ရပ်ဆိုင်းထားနေပြီ ဖြစ်သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် နေရပ်ပြန်ပြည်သူများအား ကားဖြင့်ပို့ဆောင်ပေးမည် ဖြစ်သော်လည်း ကားခအတွက် ကုန်ကျစရိတ် လားရှိုးမန္တလေးကားခ (၁၀၀၀၀)ကျပ်ကိုမူ နေရပ်ပြန်သူများမှ ကုန်ကျခံရမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့်ကော်မတီထံက သိရသည်။
ဟန်ဌေး(လားရှိုး)