တောင်ကုတ် ဩဂုတ် ၃၀
၂၀၂၄ ခုနှစ်၊ လူဦးရေးနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းအဖြစ် GIS နည်းပညာကို အသုံးပြု၍ သန်းခေါင်စာရင်းယူနစ် (Census Unit)များ ဖွဲ့စည်းခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ကြကြောင်း သိရသည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးရည်သန့်က GISနည်းပညာကို အသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များနှင့် စာရင်းကောက်ကွက်မြေပုံများ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်အတွက် အုပ်ချုပ်မှုနှင့် ထောက်ပံ့ပို့ဆောင် မှုကိစ္စရပ်များ ဆောင်ရွက်ရာတွင် ထိရောက်စွာပံ့ပိုးနိုင်ရန်၊ စာရင်းကောက်ယူရမည့် ဒေသများ၊ လူနေထိုင်သော အိမ်ထောင်စုများ ထပ်ခြင်း၊ ကျန်ခြင်း မရှိစေရန် အတွက် နယ်နိမိတ် တိကျမှန်ကန်သည့် စာရင်းကောက်ကွက်များဖြင့် ပိုင်းခြားသတ်မှတ်နိုင်ရန်၊ နိုင်ငံတကာတွင် အသုံးပြုနေသော ခေတ်မီ Geo Database System တည်ဆောက်နိုင်ရန်နှင့် အချက်အလက်များ ထုတ်ပြန်ရာတွင် သန်းခေါင်စာရင်း ရလဒ်များအား အုပ်ချုပ်မှုဒေသ မြေပုံများဖြင့် ထုတ်ပြန်နိုင်ရန်နှင့် အရည်အသွေး ကောင်းမွန်သော စာရင်း ကောက်ကွက်မြေပုံများ ရရှိနိုင်ရန်တို့ဖြစ်ကြောင်း ရှင်းလင်းပြေကြားသည်။
တောင်ကုတ်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် GIS နည်းပညာကို အသုံးပြု၍ သန်းခေါင် စာရင်းယူနစ် (Census Unit)များ ဖွဲ့စည်းခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ပြည်သူ့အင်အားဦးစီးဌာန(ရုံးချုပ်)မှ ဝန်ထမ်းများ၊ ပြည်နယ် ကိုယ်စားပြုဝန်ထမ်းများ၊ တိုက်နယ်မှူးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ ပါဝင်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး GIS နည်းပညာကို အသုံးပြု၍ သန်းခေါင်စာရင်းယူနစ် (Census Unit)များ ဖွဲ့စည်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)