မောင်တော ဩဂုတ် ၃၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒေသအတွင်း ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းရေး၊ ငါးသယံဇာတများ မပြုန်းတီးစေရေးနှင့် ဒေသအတွင်း ဖူလုံစွာစားသောက်နိုင်ရေးအတွက် မေယုမြစ်ဖျား သဘာ၀ရေပြင်အတွင်း ရေချိုငါးသားပေါက်များ စိုက်ထည့်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန် စက်လှေဆိပ်ကမ်းအနီး တွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့၀င်များ၊ နယ်မြေခံ အခြေချ စစ်ဗျူးဟာမှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်၀င်းနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆန်း၀င်းက ရေချိုငါးသားပေါက်မျိုး စိုက်ထည့်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် သဘာ၀ရေပြင်တွင် ရေချိုငါးသားပေါက်များ စိုက်ထည့်နိုင်ရေးအတွက် မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးက ရေချိုငါးသားပေါက်များကို ပေးအပ်ခဲ့ရာ တာ၀န်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့၀င်များ ၊ နယ်မြေခံ အခြေချ စစ်ဗျူးဟာမှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်၀င်းနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက မေယုမြစ်ဖျား သဘာ၀ ရေပြင်ထဲသို့ နှစ်လက်မအရွယ်အစား ပြည့်မှီသော ရေချိုငါးသားပေါက် ငါးမြစ်ချင်း ၊ ထိုင်းငါးခုံမကြီး ၊ ရွှေဝါငါးကြင်းများအား စိုက်ထည့်ခဲ့ကြသည်။
အဆိုပါ ရေချိုငါးသားပေါက် လွတ်ပွဲတွင် မြို့နယ် ရေချိုငါးသားပေါက်စခန်းမှ နှစ်လက်မအရွယ်အစား ပြည့်မှီသော ငါးသားပေါက် ငါးမြစ်ချင်း အကောင်ရေ တစ်သိန်း၊ ထိုင်းငါးခုံမကြီးအကောင်ရေ တစ်သိန်းနှင့် ရွှေဝါငါးကြင်း တစ်သိန်း စုစုပေါင်း ငါးသားပေါက်အကောင်ရေ သုံးသိန်းအား မေယုမြစ်ဖျား သဘာ၀ရေပြင် တွင် စိုက်ထည့်ပေးခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆန်း၀င်းထံမှ သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)