ရွာငံ အောက်တိုဘာ ၁၅
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆင်နက်ချောင်ကျေးရွာသို့ တပ်မတော် ကြည်း၊ ရေ၊ လေမှ လှူဒါန်းသည့် အမှိုက်သိမ်းယာဉ် ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန် က အဆိုပါ ကျေးရွာရှိ ထူးထက်သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း မှ အမှိုက်သိမ်းယာဉ် ပေးအပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ဆင်နက်ချောင်ကျေးရွာအတွက် Sino Truk အမျိုးအစား အမှိုက်သိမ်းယာဉ် ပေးအပ်လှူဒါန်းရာ ရပ်မိရပ်ဖတစ်ဦးမှ လက်ခံရယူသည်။ ထို့နောက် ဆင်နက်ချောင်ကျေးရွာ ဦးတိုင်းလွင်မှ ကျေး ဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးနှင့် အဖွဲ့သည် တပ်မတော် ကြည်း၊ ရေ၊ လေ မှ ဆောက်လုပ်လှူဒါန်းသည့် ဘောလုံးကွင်းတည်ဆောက် နေမှုများ၊ ကျေးရွာစာကြည့်တိုက် ဆောက်လုပ်နေမှုများအား ကြည့်ရှုပြီး လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့သည်။
အဆိုပါ အမှိုက်သိမ်းယာဉ် ပေးအပ်လှူဒါန်းပွဲသို့ အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဇော်ဟိန်းနှင့် ကျေးရွာမှတာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ရွာငံ)