တိုက်ကြီး ဩဂုတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် ပုံတိုက်ကြီးမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ လူကုန်ကူးမခံရစေရန်၊ မိမိကိုယ်ကိုကာကွယ်တတ်စေရန်နှင့် လူကုန်ကူးခံရပါက လူမှုပတ်ဝန်းကျင်၌ မှန်ပြန်လည်နေထိုင်နိုင်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) အနော်ရထာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးအောင်က လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းကလျာခိုင်က လူကုန်ကူးမှု၊ ခေါင်းပုံဖြတ်မှု၊ လူမှောင်ခိုမှုနှင့် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာသိကောင်းစရာများ၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ခြင်း၊ မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေဆိုင်ရာသိကောင်းစရာများကို ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့် ပြန့်သိရှိစေရေးအတွက် အသိပညာပေးဟောပြောသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ်တား ဆီးကာကွယ်ရေး အသိပညာပေးစာအုပ်ပြပွဲနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်း စရာများနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသထားရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြသည်။
အဆိုပါ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၂၄၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)