ချမ်းမြသာစည် ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အမှတ် (၂၈) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းခန်းမ၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတ ရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော ကျောင်းသား၊ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာ၀န်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ယုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြား၍ လူငယ်များ အသိပညာ၊အတတ်ပညာနှင့် လူ့ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောစွမ်းရည်များ တိုးတက်လာစေရန် လူငယ်စကားဝိုင်းများကို ကျင်းပပြုလုပ်ရ ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးခဲ့ပြီး Grade - 12 ကျောင်းသား မောင်၀ဏ္ဏကျော်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကျောင်းသူ မအေးမြတ်စန္ဒာကျော်က လူငယ် နှင့်အနုပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 11မှ ကျောင်းသား မောင် အောင်မြတ်က လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မဧကရီလင်းအောင်က လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီး သီး ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကလည်း ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက်စကားဝိုင်းအပြီးတွင် ကျောင်းသား/သူလေးများက ခန်းမအတွင်းပြသထားသော ဗဟုသုတစုံလင်သည့် အသိပညာပေး နံရံကပ် စာစောင်များကို စိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုခဲ့ကြသည်။လူငယ်စကားဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါခင်စိမ်းဝင်း၊ အမှတ်(၂၈) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (ချမ်း/ စည်)