ပုဗ္ဗသီရိ ဩဂုတ်၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညောင်လူးအုပ်စု၊ ညောင်လူးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအတွက် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးပြုပြင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပုဗ္ဗသီရိမြို့နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဝင်းက အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်၊ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်စေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ရာ လုပ်ငန်းပြန်လည်လုပ်ကိုင်မည့်သူများ လိုအပ်လျှင် မွမ်းမံသင်တန်း ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ညောင်လူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင့်ဆွေက လူငယ်များအတွက် အလွန်တန်ဖိုးရှိသော သင်တန်းဖြစ်ပြီး သင်တန်းမှ ပို့ချသောသင်ခန်းစာများကို အသုံးချကာ ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေများ ရရှိနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် ညောင်လူးအုပ်စု၊ ညောင်လူးကျေးရွာမှ သင်တန်းသား၊သင်တန်းသူ (၁၅)ဦးတက်ရောက်ခဲ့ပြီး၊ လျှပ်စစ်၏ အခြေခံသဘောတရားများ၊လျှပ်စစ်သွယ်တန်းပုံအဆင့်ဆင့်၊ လျှပ်စစ်ပိုင်းဆိုင်ရာ Breaker သုံးစွဲမှု၊ လျှပ်စစ်မီးကြိုးအသုံးပြုမှု၊ လျှပ်စစ်ပိုင်းဆိုင်ရာတွက်ချက်မှုစသည့်ဘာသာရပ်များကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)