မော်လမြိုင်မြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်နှိမ်နှင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မော်လမြိုင်    ဩဂုတ် ၂၉

မော်လမြိုင်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၉)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မော်လမြိုင်)တို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ်ပိုင်းက အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အမှတ်(၉)အခြေခံပညာအထက်တန်း‌ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်မိုးမိုးလှိုင်ကအဖွင့်အမှာစကားပြောကြားကာ အမှတ်(၉)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မော်လမြိုင်)မှ ရဲအုပ်အောင်ကျော်ထူးနှင့် ဒုရဲအုပ်ထူးထူးအောင်တို့က  လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပါပြစ်မှုပြစ်ဒဏ်များနှင့် ဖော်ထုတ်ဖမ်းဆီး အရေးယူဆောင်ရွက်နေသည့် လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးခံရနိုင်သည့် အသက်အရွယ် အမျိုးအစားနှင့်၊ လူကုန်ကူးခံရပါက ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်းတို့ကိုလည်ကောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက  ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတအကြောင်းအရာများ၊ စာဖတ်ခြင်းကြောင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့သည်။

ထိုနောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အကြောင်းအရာဥပဒေပြဋ္ဌာန်းချက် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး  ကျောင်းသားကျောင်းသူများက ပြသထားသော နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည်ရှုခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်