သထုံ ဩဂုတ် ၂၉
မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့ မွန်းလွဲပိုင်းက လက်ကပ်ရောဂါနှင့် တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး သထုံခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်အိသွယ်မိုးက တိုင်းရင်းဆေးနည်းပညာအရ လက်ကပ်ရောဂါဆိုသည့် အဓိပ္ပါယ်နှင့် ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ လက်ကပ်ရောဂါဝေဒနာခံစားနေရခြင်း၏ဆိုးကျိုးများ၊ ရောဂါမဖြစ်ပွားအောင် သတိပြုနေထိုင်ရမည့် နည်းလမ်းများ၊ လက်ကပ်ရောဂါအမျိုးအစားနှစ်မျိုးနှင့် ၎င်းတို့နှင့် ပတ်သက်သည်များ၊ ရောဂါဖြစ်ပွားပါက တိုင်းရင်းဆေးနည်းအရ ကာကွယ်ကုသရမည့် နည်းလမ်းများနှင့် ကာကွယ်ကုသနိုင်သည့် အလွယ်တကူရရှိနိုင်သော သဘာဝတိုင်းရင်းဆေးများ၏ အသုံးပြုပုံများ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်း အပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)