ဗဟန်းမြို့နယ်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ က​လေးသူငယ်အခွင့်အ​ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိ ပညာပေးဟောပြော

ဗဟန်း ဩဂုတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် အမှတ်(၄၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဆောင်ရွက်မှုရှိစေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်း၊ မြို့နယ်ဥပ​ဒေရုံးမှ က​လေးသူငယ်အခွင့်အ​ရေးများနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်​ဆေးဝါးအန္တရာယ်စသည့် ဟောပြောခြင်းများကို ယမန်နေ့​ နေ့လယ် ၁၃း၀၀ နာရီအချိန်ကစ၍ ဗဟန်းမြို့နယ်အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းနှင့်​ ကောင်းထက်ကျော်ကိုယ်ပိုင်​ကျောင်းတို့၌ ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် အမှတ်(၄၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူးဒုရဲမှူးဦး​ဇော်ဝင်းထွန်း ဦးဆောင်သည့်တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ရည်မှန်းချက်တာဝန် ၅ ရပ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် သတိပေးလမ်းညွှန်ချက်များ၊ တားမြစ်ခြင်းနှင့်ကန့်သတ်ခြင်းလမ်းညွှန်များ၊ အမိန့်ပေးခြင်းလမ်းညွှန်များ၊ မော်တော်ယာဉ်မောင်းနှင်စဉ် လိုက်နာရမည့်အချက်များ၊ လမ်းကူးရာတွင် သတ်မှတ်ထားသည့် လူကူးမျဉ်းကျားမှသာ စည်းကမ်းတကျကူးစေရေးနှင့် ခြေလျင်လျှောက်သူများနှင့်ပတ်သက်၍ သိရှိလိုက်နာကြရန်အချက်များစသည်တို့ကို ဟောပြောခဲ့သည်။

ထို့နောက်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာကြစေရန် အသိပညာပေးရုပ်သံများအား Projector ဖြင့် ပြသခဲ့ပြီး တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ၊​​ ကျောင်းကြိုပို့ယာဥ်​မောင်းများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ​ပေးခဲ့ကြသည်။ ဆက်လက်ပြီး ဗဟန်းမြို့နယ် ဥပ​ဒေအရာရှိဦး​နေမင်းထက်က ကလေးသူငယ်အခွင့်အ​ရေးများ၊ ဥပ​ဒေများ၊ အသက်အရွယ်အလိုက်ဖြစ်ပွားတတ်သည့် အကြောင်းအရာများ ​ဆောင်ရွက်​နေမှုများကို ရှင်းလင်း​ဟော​ပြောခဲ့သည်။ ထို့​နောက် ဗဟန်းမြို့နယ်မြို့မစခန်းမှူး ဒုရဲမှူးစိုးနိုင်ကလည်း မူးယစ်​ဆေးဝါး၏ အန္တရာယ်ကြီးမားလှပုံနှင့်ဆိုးကျိုးများကို အကျယ်တဝင့်ဟောပြောခဲ့ကြသည်။ အဆိုပါဟောပြောပွဲသို့ ဗဟန်းမြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များ၊ မြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ လက်​ထောက်မြို့နယ်ပညာရေးမှူး၊ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊​ ကျောင်းသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအပို့၊ အကြိုယာဉ်မောင်းများ စုစုပေါင်း(၁၈၀)ခန့် တက်​ရောက်ခဲ့ကြ​ကြောင်း သတင်းရရှိပါသည်။

ကြည်ဇေ​သော်