တန့်ယန်းမြို့နယ်တွင် ၂၀၂၄-ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးအတွက် သန်းခေါင်စာရင်းယူနစ်များနှင့်စာရင်းကောက်ကွက်မြေပုံများ ဖွဲ့စည်းခြင်းလုပ်ငန်းဆောင်ရွက်

တန့်ယန်း သြဂုတ် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် သန်းခေါင်စာရင်းယူနစ်များနှင့်စာရင်းကောက်ကွက်မြေပုံများဖွဲ့စည်းခြင်းလုပ်ငန်းအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သြဂုတ်လ၂၉ရက်နေ့က ကွင်းဆင်းဆောင်ရွက်ကြသည်။

၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးအတွက် Geographic Information System (GIS)နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ (Census Units) နှင့် စာရင်းကောက်ကွက်မြေပုံများ ဖွဲ့စည်းခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာန နေပြည်တော်မှ ဦးစိုင်းဆေခမ်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးကျောင်လင်းနိုင်နှင့်တာဝန်ရှိသူများက အမှတ်(၂)ရပ်ကွက်၌ ဆောင်ရွက်ကြသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေလင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုရာ မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးကျောင်လင်းနိုင်က လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

 မင်းလွင်ဦး(ပြန်/ဆက်)