ချီဖွေ ဩဂုတ် ၂၉
ချီဖွေမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုအန္တရာယ်၊ ကလေးသူငယ်အခွင့်အရေးနှင့် သက်ငယ်မုဒိမ်းမှုမဖြစ်ပွားရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်းရှိခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ချီဖွေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်အောင်နိုင်ထွန်းက အဖွင့်အမှာ စကားပြောကြားကာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းထူးက လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးခံရနိုင်သည့် အသက်အရွယ်အမျိုးအစားနှင့်၊ လူကုန်ကူးခံရပါက ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများ၊ ကလေးသူငယ်အခွင့်အရေးနှင့် သက်ငယ်မုဒိမ်းမဖြစ်ပွား ရေးအကြောင်းတို့ကို လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးမင်းထိုက်က ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေနှင့် သက်ငယ်မုဒိမ်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များကို လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေးက ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတ အကြောင်းအရာများ၊ စာဖတ်ခြင်းကြောင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ချီဖွေမြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်အောင်နိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းထူး၊ မြို့နယ်ဥပဒေအရာရှိ ဦးမင်းထိုက်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေးနှင့် ကျောင်းဆရာ/မများ ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ယော်ကိ (ပြန်/ဆက်)