အမ်း ဩဂုတ် ၂၉
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က လူသားများအားလုံး အသက်ရှင်သန်ရေး အာဟာရဖွံ့ဖြိုးတိုး တက်ရေးနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှ ခရိုင်ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်ကျော်မိုးက အာဟာရဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားစေရေး၊ လူသားများကိုယ်ခန္ဓာဖွံ့ဖြိုးရေးနှင့် ဦးနှောက်အသိဉာဏ် ဖွံ့ဖြိုးရေးအတွက် နေ့စဉ်စာသုံးသည့် အစားအစာများသည် သန့်ရှင်းပြီး အာဟာရဓာတ်များ ပြည့်ဝရန်လိုကြောင်း၊ အခြေခံကျသည့် ကျောင်း သားလူငယ်များ ကျန်းမာသန်စွမ်းရေး အာဟာရ ဖွံ့ဖြိုးစေရန်နှင့် သံဓာတ်ချို့တဲ့သွေး အားနည်းရောဂါကာကွယ်ရေးလုပ်ငန်း၊ အဟာရ ပညာပေးခြင်း၊ အိုင်အိုဒင်းချို့တဲ့ရောဂါကာကွယ်ရေးလုပ်ငန်း၊ ဗီတာမင်အေချို့တဲ့ရောဂါ ပပျောက်ရေးလုပ်ငန်း၊ ဗီတာမင်ဘီဝမ်းချို့တဲ့ရောဂါကာကွယ်ရေး၊ ကိုယ်အလေးချိန်ပေးသည့် အခြေအနေ၊ ကျောင်းတွင်းအဟာရစောင့်ရှောက်မှုလုပ်ငန်း၊ သန်ချဆေးတိုက်ကျွေးခြင်း လုပ်ငန်း၊ နို့တိုက်မိခင် Vit A တိုက်ကျွေးမှုအခြေအနေ၊(၅)နှစ်အောက်ကလေးများ အဟာရဖွံ့ဖြိုးရေး၊ ကိုယ်ဝင်ဆောင်နှင့်နို့တိုက် မိခင်အဟာရဖွံ့ဖြိုးရေး၊အိုင်အိုဒင်းဆားစားသုံးမှုများနှင့် ပတ်သက်၍ ကျန်းမာရေးလှုပ်ရှားမှုအကြောင်းအရာများ၊ အာဟာရစောင့်ရှောက်ရေးနှင့် အာဟာရ ရက်သတ္တပတ်ကျင်းပပြုလုပ်ရခြင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဦးစီးအရာရှိ ဒေါ်မြင့်မြင့်အေးက မိခင်နို့ချို တိုက်ကျွေးရေးနှင့် ပတ်သတ်၍ အကျိုးကျေးဇူးများရရှိခြင်းကြောင်းများအား ရှင်းလင်းပြော ကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ခရိုင်ဦးစီး ဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အောင်ကျော်မိုး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များနှင့် တာဝန်ရှိသူများက အသက် ၆ လမှ တစ်နှစ်ကြားရှိ ကလေးများအား ဗီတာမင်အေတိုက်ကျွေးခဲ့ကြပြီး ကိုယ်ဝန် ဆောင်မိခင်များနှင့် ကလေးများကို အားဆေးနှင့် အာဟာရဖြည့်စွက်စာများထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသူများက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်းတို့မှ ခင်းကျင်းပြသထားသည့် အာဟာရအုပ်စုများ၊ ပို့စတာများကို လှည့်လည်ကြည့်ရှုအားပေးပြီး သိရှိလိုသည့်အကြောင်းအရားများကို လေ့လာမေးမြန်းကြရာ ခရိုင်ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အောင်ကျော်မိုးနှင့် တာန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း