မူဆယ် ဩဂုတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မွေးမြူရေးတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေး အတွက် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုကို (၁၅.၈.၂၀၂၃) ရက်နေ့မှ (၃၀.၈.၂၀၂၃) ရက်နေ့အထိ ရက်သတ္တပတ်အဖြစ်သတ်မှတ်၍ ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုပြုလုပ်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ စန္ဒာကြည် ကြီးကြပ်လျက် တက်ရောက်လာသော ပြည်သူလူထုများအား တိရစ္ဆာန်အကြောင်း ဆိုင်ရာများကို အသိပညာပေးဟောပြောကာ မွေးမြူရေးတိရစ္ဆာန်များတွင် ဖြစ်တတ်သည့် ခွာနာလျှာနာရောဂါ၊ အရေပြားအကျိတ်နာရောဂါနှင့် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တိရစ္ဆာန်ကူးစက်ရောဂါ လက္ခဏာများအား စူးစမ်းထောက်လှမ်းခြင်း၊ နမူနာကောက်ယူခြင်းနှင့် ဓာတ်ခွဲခန်းသို့ပေးပို့ခြင်း၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဇီဝလုံခြုံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ အင်းဆက်ပိုးမွှားများအား နိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပိုးသတ်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းစသည့် လုပ်ငန်းများကို မူဆယ်မြို့နယ်၊ ကျေးရွာအုပ်စုများသို့ ရက်သတ္တပတ်အတွင်း ဆောင်ရွက်လျက်ရှိပြီး မူဆယ်မြို့နယ် ကျန်ရှိကျေးရွာများသို့ ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ထို့သို့ကွင်းဆင်း ဆောင်ရွက်ရာတွင် ဌာနဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများဖြင့် ဖွဲ့စည်းထားသော အရေးပေါ်တုံပြန်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီး တက်ရောက်လာသော ပြည်သူလူထုများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်မောင်(မူဆယ်)