မော်လမြိုင် သြဂုတ် ၂၉
မိုခါဆိုင်ကလုန်း မုန်တိုင်းဘေးသင့်ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် မွန်ပြည်နယ်မှ နိုင်ငံ့ဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များအား ဂုဏ်ပြုဧည့်ခံခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများ၊ လှုမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း က ရခိုင်ပြည်နယ် ဘေးဒဏ်သင့်ဒေသများသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပြန်လည်တည်ဆောက်ရေးအဖွဲ့များအား စဉ်ဆက်မပြတ် စေလွှတ်ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ ပြည်နယ်ကျန်းမာရေးဌာနမှ ဆရာဝန်/ ဆရာမနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်လျှပ်စစ်ဌာနမှ အင်ဂျင်နီယာများနှင့် ကျွမ်းကျင်ဝန်ထမ်းများတို့လည်း အပါအဝင်ဖြစ်ကြောင်း၊ မွန်ပြည်နယ်မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (၃၅)ဦးဟာ ၂၀-၅-၂၀၂၃ ရက်နေ့မှ ၁၉-၈-၂၀၂၃ ရက်နေ့အထိ လည်းကောင်း၊ ပြည်နယ် ကျန်းမာရေးဌာနမှလည်း ၂၆-၅-၂၀၂၃ ရက်နေ့မှ ၂၀-၇-၂၀၂၃ ရက်နေ့အထိ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၇၃)ဦးသည်လည်းကောင်း၊ ပြည်နယ်လျှပ်စစ်ဌာနမှလည်း ၁၈-၅-၂၀၂၃ ရက်နေ့မှ ၂၆-၆-၂၀၂၃ ရက်နေ့အထိ အင်ဂျင်နီယာများ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် ယာဉ်/ယန္တရားများဖြင့် စုစုပေါင်းအင်အား (၂၀)ဦးသည်လည်းကောင်း အသီးသီးသွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြတာကို သိရှိရကြောင်း၊ ရခိုင်ပြည်နယ်ရှိ ဒေသများသို့ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သည့် ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအားလုံးကို မိမိကိုယ်ကျိုး မငဲ့ကွက်ဘဲ အသက်စွန့်ပြီး သွားရောက်ကူညီပေးခဲ့ကြသည့်အတွက် ဝန်ကြီးချုပ်အနေဖြင့် ဂုဏ်ယူဝမ်းမြောက်သလို နောင်အလားတူသဘာဝဘေးဖြစ်စဉ်များ ဖြစ်ပွားပေါ်ပေါက် လာပါကလည်း ကျရာအခန်းကဏ္ဍမှ ယခုလိုတက်ညီလက်ညီ တက်တက်ကြွကြွပူးပေါင်း ဆောင်ရွက်စေလိုကြောင်းနှင့် ရခိုင်ပြည်နယ် ဘေးသင့်ဒေသများသို့ သွားရောက်ခဲ့ကြသူများအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် ကျန်းမာရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၊ ဘေးအန္တရာယ်ဆိုင်ရာခန့်ခွဲမှုဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများအား ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ရာ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်မှူး ဒေါက်တာဝတ်မှုံနှင့် ဝန်ထမ်းတစ်ဦးတို့မှ လည်းကောင်း၊ မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးဝင်း၊ မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးနှင့် လူမှုကယ်ရေးအသင်းဝင် တစ်ဦးတို့မှလည်းကောင်း၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဝင်းဗိုလ်နှင့် ဝန်ထမ်းတစ်ဦးတို့မှလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်နှင့် ဝန်ထမ်းတစ်ဦးတို့မှလည်းကောင်း အသီးသီးလက်ခံရယူခဲ့ပြီး တက်ရောက်လာသူများအား ဂုဏ်ပြုနေ့လည်စာဖြင့် ဧည့်ခံကျွေးမွေး၍ ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးသင့် ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ (၇၃)ဦး၊ ပြည်နယ်မီးသတ်ဦးစီးဌာနမှ (၃၅)ဦး၊ ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ (၂၀)ဦး၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ (၃)ဦး၊ စုစုပေါင်း(၁၃၁)ဦး သွားရောက်တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)