ရွှေပြည်သာ ဩဂုတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ အလုပ်သမားရေးရာဥပဒေများ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲက သာဓုကန်စက်မှုဇုန်ခန်းမ၌ ကျင်းပသည်။
အသိပညာပေးဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုက အလုပ်သမားဝန်ကြီးဌာန ကွက်ကဲမှုအောက်ရှိ ဦးစီးဌာန၊ အဖွဲ့များ၏လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်မှုအခြေအနေများ၊ အလုပ်သမားရေးရာ ဥပဒေပါရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရယ်ကင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအားပြောကြား၍ပြီး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့မှ တိုင်းဦးစီးများက အလုပ်ရှင်၊ အလုပ်သမားများ သိရှိလိုက်နာရမည့် အလုပ်သမားဥပဒေပါ ပြဠာန်းချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲသို့ အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံအရာရှိများ၊ ရွှေပြည်သာမြို့နယ် တာဝန်ခံအရာရှိများ၊ စက်ရုံအလုပ်ရုံများမှပိုင်ရှင်၊ မန်နေဂျာနှင့် အလုပ်သမားများစက်မှု ဇုန်စီမံခန့်ခွဲမှုကော်မတီမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် သာဓုကန်စက်မှုဇုန်ရှိ Myanmar Best fortune Garment အထည်ချုပ်စက်ရုံ၊ Joc Myanmar Garment Co,Ltd အထည်ချုပ်စက်ရုံနှင့် Hosheng (Myanmar) Garment Co,Ltd အထည်ချုပ်စက်ရုံ၊ ဝါးတစ်ရာစက်မှုဇုန်ရှိ Nay Shwe Lin Co,Ltd အထည်ချုပ်လုပ်ငန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်ရုံရှိအလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းခွင်အေးချမ်းသာယာမှုရှိစေရေး အလုပ်ရှင်နှင့် အလုပ်သမားများ ညှိနှိုင်းဆောင်ရွက်ကြရန်၊ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့်လုပ်ငန်းများ ဖြစ်ပေါ်လာစေရေး ဥပဒေပါပြဠာန်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များအနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ အသိပညာပေးဆွေးနွေးမှုများ ကျင်းပပြုလုပ်ခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများ အလုပ်သမားဥပဒေများကို သိရှိလာ၍ အလုပ်ရှင်၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်အေးချမ်းသာယာပြီး ကုန်ထုတ်လုပ်မှုတိုးတက်ကာ နိုင်ငံ၏စီးပွားရေးကဏ္ဍကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)