နောင်တရား အောက်တိုဘာလ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ ပတ်ဝန်းကျင် ရှိ စိုက်ပျိုးရေးတောင်သူများ လယ်ယာလုပ်သား ရှားပါးလာမှု ကြောင့် စက်မှုလယ်ယာစနစ်သို့ စတင် ပြောင်းလဲကျင့်သုံးလျက်ရှိကြောင်း သိရသည်။
နောင်တရားဒေသပတ်ဝန်းကျင်တွင် အာလူး၊ ကော်ဖီထုတ်၊ ခရမ်းချဉ်၊ ဥယျာဉ်ခြံနှင့် အခြားသီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်။ အဆိုပါသီးနှံများ စိုက်ပျိုးရာတွင် လုပ်သားရှားပါးခြင်းနှင့် လယ်ယာလုပ်သားခ ကြီးမားခြင်းတို့ကြောင့် အခက်အခဲများ ကြုံတွေ့လျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။ “အားလူး စိုက်ချိန်ဆို လူငှားခေါ်ရတာ အရမ်းခက်တယ် ပြီးတော့ လူငှားတစ်ဦးကို တစ်ရက် ငါးထောင်ပေးရတယ် ဒါတောင်ခေါ်လို့မရဘူး အခုအာလူးစိုက်ချိန်၊ အာလူးမြေဖို့ချိန်ဆို စက်လေးနဲ့ဘဲလုပ်တော့တယ် အတော်အဆင်ပြေတယ် လယ်ယာလုပ်သား ကုန်ကျစရိတ်လည်း အရမ်းသက်သာတယ်” ဟု ကျောင်းကုန်းရွာမှ ခွန်ကျော်စိန် က ပြောသည်။
ယခုအခါ နောင်တရားဒေသ၌ စိုက်ပျိုးရေးတောင်သူများက စိုက်ပျိုးရေးလုပ်ငန်းတွင် လယ်ထွန်ခြင်း၊ ပေါင်းရှင်းခြင်း၊ ဆေးဖျန်းခြင်းနှင့် အခြားစိုက်ပျိုးရေးလုပ်ငန်းများတွင် စက်ကြီးများ၊ စက်ငယ်များဖြင့်သာ စိုက်ပျိုးလျက်ရှိပြီး နောင်တရားဒေသအတွင်းရှိ စိုက်ပျိုးရေးတောင်သူများ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲ ကျင့်သုံးလာခြင်းကြောင့် လယ်ယာလုပ်သားခများ ပိုမိုသက်သာလျက်ရှိကြောင်း သိရသည်။
နောင်တရားဒေသပတ်ဝန်းကျင်၌ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အသုံးပြုနိုင်သည့် စိုက်ပျိုးမြေ ဧကပေါင်း (၄၀၀၀၀)ကျော်ခန့်ရှိကြောင်း နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခွန်အောင်(နောင်တရား)