ပြင်ဦးလွင် ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်း (အခြေခံ) (၄ / ၂၀၂၃ ) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ရှေးဉီးစွာ အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)၊ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာကြူကြူဆွေမှ သင်တန်းဆင်း အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးခိုင်မှ အမှာစကားပြောကြားခြင်း၊ ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးသောင်းမြင့်သိန်းမှ ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၏ လှုပ်ရှားမှုများအကြောင်းရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး တာဝန်ရှိသူများမှ သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို သင်တန်းသားများထံသို့ အသီးသီးပေးအပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ ဆေးအိတ်ပေးအပ်ခဲ့ရာ အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)၊ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြသည်။
အဆိုပါ ရှေးဦးပြုစုခြင်း (အခြေခံ) (၄/၂၀၂၃) သင်တန်းကို ပြင်ဦးလွင်မြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)တွင် (၂၄-၈-၂၀၂၃) ရက်နေ့မှ (၂၉-၈-၂၀၂၃) ရက်နေ့အထိ သင်တန်းကာလ (၆) ရက်ဖြင့် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်တန်းနည်းပြဆရာများမှ ရှေးဦးပြုစုခြင်း စာတွေ့၊ လက်တွေ့နှင့် အခြေခံလက်နက်မဲ့ စစ်ဆေးပြ လေ့ကျင့်ခန်းများကို စနစ်တကျသင်ကြားပို့ချခဲ့ရာ အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)ကျောင်းမှ သင်တန်းသား၊ သင်တန်းသူ (၅၂) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
ခရိုင် (ပြန်/ဆက်)