ပူတာအို ဩဂုတ် ၂၉
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်မည့် မူလာအွန်စံပြကျေးရွာဖွံ့ဖြိုးရေးနှင့် ကျေးရွာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်သိန်း(၃၀၀)နှင့် Daedong လယ်ယာသုံးစက်ကိရိယာ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဩဂုတ်(၂၉)ရက် နံနက်(၁၀)နာရီက အဆိုပါခေတ်မီစံပြကျေးရွာ ချမ်းသာခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက ယနေ့လွှဲပြောင်းပေးအပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သိန်း(၃၀၀)နှင့် လယ်ထွန်စက်ကို အသင်း၏စည်းလုံးညီညွတ်မှုဖြင့် မိမိအသင်းအတွက်လည်းကောင်း၊ မိမိကျေးရွာအတွက်လည်းကောင်း အကျိုးရှိစွာအသုံးချသွားကြရန်လိုအပ်ကြောင်း အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဦးခမ်းကိုင်က ချေးငွေနှင့် လယ်ယာသုံးစက်ကိရိယာများလွှဲ ပြောင်းပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက လယ်ယာသုံးထွန်စက်ကို မူလာအွန်စံပြကျေးရွာ သမဝါယမအသင်းထံ လွှဲပြောင်းပေးအပ်ရာ မူလာအွန်စံပြကျေးရွာသမဝါယမအသင်း အတွင်းရေးမှူး ဒေါ်ယော်မာဒူးကလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ကျော်လွင်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်သိန်း(၃၀၀)ကို မူလာအွန်စံပြကျေးရွာသမဝါယမ အသင်းထံလွှဲပြောင်းပေးအပ်ရာ ကျေးရွာသမဝါယမအသင်းဉက္ကဋ္ဌ ဒေါ်ထာမီဟဲ့ကလည်းကောင်း အသီးသီးလက်ခံရယူကြပြီး အခမ်းအနားအပြီးတွင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်/မြိုနယ်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကျေးရွာသမဝါယမအသင်းဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လွှဲပြောင်းပေးအပ်သည့် လယ်ထွန်စက်ကိုကြည့်ရှုအားပေးသည်။
အဆိုပါအခမ်းအနားတွင် သမဝါယမဦးစီးဌာနမှ မူလာအွန်စံပြကျေးရွာအား စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ်သိန်း(၄၁၀)ရှိ အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးငွေနှင့် လယ်ထွန်စက်တစ်စီးအား လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဖုန်ကန်(ပူတာအို)