မိုးညှင်း ဩဂုတ် ၂၉
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုးညှင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက် (၁၈) နှစ်အောက်နှင့် အရပ်လေးပေကိုးလက်မအောက် အခြေခံပညာကျောင်းပေါင်းစုံ မိုးရာသီ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပေးအပ်ပွဲကို မိုးညှင်းတက္ကသိုလ် အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါ ဘောလုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲတွင် မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က ဘောလုံးပိတ်ပွဲမိန့်ခွန်း ပြောကြားရာတွင် ယခုပြိုင်ပွဲများမှ မြို့နယ်လက်ရွေးစင်အသင်းကိုရွေးချယ်ပြီး ပြည်နယ်အဆင့် အသက်အပိုင်းအခြားအလိုက် ပြိုင်ပွဲများကို ယှဉ်ပြိုင်သွားကြရမည် ဖြစ်သည့်အတွက် ရွေးချယ်ခံရသော အားကစားမောင်မယ်များအား မြို့နယ်လက်ရွေးစင် အားကစားဂုဏ်ဆောင်ပြီး တစ်မြို့နယ်လုံးတွင်ရှိသော ကျောင်းသားကျောင်းသူများ၏ စံနမူနာယူဖွယ် ကျောင်းသားများအဖြစ် ပြုမူနေထိုင်သွားကြပါစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသက် (၁၈) နှစ်အောက် အခြေခံကျောင်းပေါင်းစုံး အမျိုးသားဘောလုံ အားကစားသမားများကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးလက်ဆွဲနှုတ်ဆက်ကြကာ ကျောင်းသူများမှ အောင်ပွဲပန်းစည်းများဆက်ကြပြီး ဗိုလ်လုပွဲစဉ်တွင် ရွာသစ်ကြီးအသင်းနှင့် အင်းတော်ကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အင်းတော်ကြီးအသင်းက ရွာသစ်ကြီးအသင်းကို ခုနှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ဆုချီးမြှင့်ပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ အသက် (၁၈) နှစ်အောက်နှင့် အရပ်လေးပေကိုးလက်မအောက် အခြေခံပညာကျောင်းပေါင်းစုံ မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲများတွင် အရှေ့တန်းအနောက်တန်း အလယ်တန်းအကောင်းဆုံးဆုများ၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆု၊ ဂိုးသမားအကောင်းဆုံးဆုနှင့် တတိယ ဒုတိယ ပထမဆုရရှိကြသည့် အသင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း (ပြန်/ဆက်)