တွံတေး ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခတ္ထိယကျေးရွာအုပ်စု၊ ခတ္ထိယရွာသစ်အား Smart Village အဖြစ်ဆောင်ရွက်မည့် လုပ်ငန်းအား လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဥ်ယဥ်ဌေးက ခတ္ထိယကျေးရွာအုပ်စု၊ ခတ္ထိယရွာသစ်ကျေးရွာတွင် ဆောင်ရွက်မည့် ၅ နှစ်စီမံကိန်း Village (ခေတ်မီစံပြကျေးရွာ)တွင် ဆောင်ရွက်လျာထားချက်များဖြစ်သည့် ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်း၊ သုဿန်လမ်းကွန်ကရစ်ခင်းခြင်း၊ ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ခြင်း၊ မြေသားရေကန်ခြံစည်းရိုးကာရံခြင်း၊ တစ်လုံးထိုးအင်ဂျင်စက်ပြင်သင်တန်းဖွင့်လှစ်ခြင်း၊ မျိုးကောင်းမျိုးသန့်စိုက်ပျိုးရေး နည်းပညာသင်တန်းဖွင့်လှစ်ခြင်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ဆောင်ရွက်ရန် လျာထားချက်အားလည်းကောင်း၊ ခေတ်မီစံပြကျေးရွာ တစ်ရွာဆောင်ရွက်မည်ဆိုပါက ဘက်စုံ၊ ထောင့်စုံမှ လစ်ဟာမှုမရှိစေရန် တက်ရောက်လာကြသော ဌာနဆိုင်ရာများက ပထမနှစ်လျာထားချက်အား အကောင်အထည်ဖော်ရာ၌ ကောင်းမွန်သော နည်းလမ်းများ တင်ပြဆွေးနွေးကြရန်တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးဝင်းမြင့်ကလည်းကောင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသုတအောင်အဖွဲ့ဝင်(၃) လဝကဦးစီးမှူးဦးဝင်းမြင့်ဦးတို့က ခေတ်မီစံပြကျေးရွာတစ်ရွာဆောင်ရွက်မည်ဆိုပါကကွင်းဆင်းပြီး ကျေးရွာအခြေအနေ ကျေးရွာပိုင်မြေ ရှိ၊ မရှိ ဆောင်ရွက်မည့်လုပ်ငန်းများအတွက် အဆောက်အဦးဆောက်ရန် မြေအနေအထား၊ ကျေးရွာလမ်းအခြေအနေ မြေပုံရေးဆွဲရေး၊ လမ်းအမှတ်သားများ၊ အိမ်ခြံဝန်းခြံစည်းရိုးကာရံမှု၊ အမှိုက်သိမ်းစနစ်၊ လျှပ်စစ်မီးစသော အခြေခံမှစတင်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ ကျေးရွာကွင်းဆင်းလေလာခြင်း ကျေးရွာသူ၊ ကျေးရွာသားများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ရန်လိုကြောင်း အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လုပ်ငန်းဆောင်ရွက်မည့်ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ကြကြောင်း သိရသည်။
တွံတေးသား