နမ့်ဆန် အောက်တိုဘာ ၁၅
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရေး အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ မဲဆန္ဒရှင် များလုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး အတွက် ဆောင်ရွက်ထားရှိခြင်းများအပေါ် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီခန့် က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ညှိနှိုင်းအစည်းအဝေးတွင် ဒေသဦးစီးအဖွဲ့အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဦးတင့်ကျော်လွင် က အဖွင့်အမှာ စကားပြောကြားပြီး ဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွဋ် က ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးခင်မြင့် က ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံ ဆောင်ရွက်ထားရှိမှုများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထက်ဖြိုးဝေ က ကိုဗစ်-၁၉ ကာလမှာ ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲရုံသို့ ဆန္ဒမဲလာပေးကြမည့် မိဘပြည်သူ များ၊ မဲရုံတာဝန်ကျဝန်ထမ်းများတို့ကို ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်နှင့် ရွေးကောက်ပွဲမတိုင်မီတွင် ရပ်ကွက်၊ ကျေးရွာမဲရုံများ အားလုံးကို ပိုးသတ်ဆေးဖျန်း ပေးခြင်း လုပ်ငန်းဆောင်ရွက်ထားရှိဖို့ တင်ပြဆွေးနွေးသွားခဲ့ကြောင်း သိရသည်။
ယင်းနောက်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (အတွင်းရေးမှူး) ရပ်ကွက်၊ ကျေးရွာ စာရေးများတို့က မိမိအုပ်စုအလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ ကြေညာ ဆောင်ရွက်ပြီးစီးမှုနှင့် မဲဆန္ဒရှင် စာရင်း အခြေအနေ၊ မဲရုံများပြင်ဆင်ဆောင်ရွက်မည့်အခြေအနေ၊ ဆန္ဒမဲပေးစဉ်နှင့် ဆန္ဒမဲပေးပြီး လုံခြုံချောမွေ့ စွာ သယ်ယူပို့ဆောင်မည့် အစီအစဉ်များကို အုပ်စုအလိုက် ဆွေးနွေးတင်ပြပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ ဆောင်ရွက်မည့် အကြံပြုချက်များ၊ လိုအပ်ချက်များအပေါ် ဒေသရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက လိုအပ်ချက်များ အပေါ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုအောင်မိုး (ရွှေဖီမြေ)