သီပေါ ဩဂုတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရွာသစ်ကျေးရွာအုပ်စု၊ နားမုံကျေးရွာဘုန်းကြီးကျောင်းတွင် ယမန်နေ့နံနက်(၁၀)နာရီက ဒေသဝက် အကောင် (၅၀) မွေးမြူရေဘဏ်စနစ်ဖြင့် ဖြန့်ဖြူးရန် ကျေးရွာကြီးကြပ်မှုကော်မတီရွေးချယ်ခြင်းနှင့် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒေသဝက်အကောင် (၅၀) မွေးမြူရေဘဏ်စနစ်ဖြင့် ဖြန့်ဖြူးရန် ကျေးရွာကြီးကြပ်မှု ကော်မတီအဖွဲ့အား ရွေးချယ်ခြင်းနှင့်ပတ်သက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ အောင်ဖြူဦးက အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကော်မတီအဖွဲ့အား ရွေးချယ်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူးက မွေးမြူရေး တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းရှင်များ၊ တောင်သူများ မွေးမြူထားသော ကျွဲ၊ နွား၊ ဝက်၊ ကြက် စသည့်တိရစ္ဆာန်များ ဇီဝလုံခြုံမှုအပြည့်အဝရရှိစေရန် ကာကွယ်ဆေး ကွက်ပြည့်ထိုးနှံရန် အထူးလိုအပ်ကြောင်း၊ ကူးစက်ရောဂါကြောင့် မွေးမြူသူလုပ်ငန်းရှင်များ၊ တောင်သူများ နစ်နာဆုံးရှုံးမှုလုံးဝ မရှိစေရေးအတွက် ကာကွယ်ရန် နည်းလမ်းများ၊ လိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များအား အသိပညာပေး ဟောပြောခဲ့သည်။
သီပေါမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် မိမိမြို့နယ်အတွင်း အသား၊ ဥနှင့် နွားနို့ ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေး၊ ဒေသနှင့်ကိုက်ညီသော မျိုးရိုးမြှင့် တိရစ္ဆာန်များ ပိုမိုးတိုးတက်မွေးမြူလာစေရေး၊ ဒေသအတွင်း တိရစ္ဆာန်ကူးစက်ရောဂါ ကင်းဝေးစေရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)