သီပေါမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

သီပေါ ဩဂုတ် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက်(၁၀)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အထက်တန်းပြဆရာမ ဒေါ်ခင်နှင်းနွယ်က ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အကျင့်စာရိတ္တ ကောင်းမွန်စေရန်၊ ရည်မှန်းချက်များ ထားရှိတတ်ကြစေရန်၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားများ ပြုလုပ်ဆောင်ရွက်နိုင်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်းစသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်”၊ “လူငယ်နှင့်ရည်မှန်းချက်”ခေါင်းစဉ်များဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လင်းလင်းထွန်းက“လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာပေးဓာတ်ပုံများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာဆိုးကျိုးများ၊ လူကုန်ကူးမှုနှင့်ပတ်သက်သော အကြောင်းအရာများ စသည်တို့ ပါဝင်သည့် နံရံကပ်စာစောင်များ ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)