မြစ်ကြီးနားမြို့၌ လူငယ်နှင့်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

မြစ်ကြီးနား ဩဂုတ် ၂၉

ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဘက်စုံးဖွံ့ဖြိုးတိုးတက်လာစေရန် လူငယ်နှင့်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းရှိ သိရိခန်းမ၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်သူက အဖွင့်အမှာ စကားပြောကြားသည်။

ထို့နောက် စကားဝိုင်းအား ဆက်လက်ကျင်းပရာ ပါဝင်ဆွေးနွေးသည့် အမှတ် (၇) ကျောင်းမှ အထက်တန်းအဆင့်ကျောင်းသား/ကျောင်းသူ (၅) ဦးတို့က လူငယ်နှင့်အားကစားကဏ္ဍ၊ လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်စိတ်ဓာတ်ခွန်အား ခေါင်းစဉ်များဖြင့်ဆွေးနွေးခဲ့ကြရာ အစီအစဉ်တင်ဆက်သူများဖြစ်သော မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခေါန်ဆိုင်းနှင့် စာရေးဆရာ အကြီးကိုကို (ကသာ) တို့က ဖြည့်စွက် ဆွေးနွေးပေးခဲ့သည်။

ယင်းနောက် တက်ရောက်လာသူများနှင့် အပြန်အလှန်မေးမြန်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများ လှူဒါန်းပေးအပ် ခြင်းနှင့် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုတံဆိပ်များနှင့် အမှတ်တရဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွား၍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ဝင်စားစွာလေ့လာ ဖတ်ရှုခဲ့ကြသည်။

ခရိုင် (ပြန်/ဆက်)