ကျောက်ဖြူ ဩဂုတ် ၂၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မြစ်ချောင်းများတွင် သဘာဝအလျောက် ပေါက်ရောက်နေသည့် ဓနိပင်များမှ ရရှိလာသော ကုန်ကြမ်းများကို ခေတ်မီနည်းပညာများ၊ စက် ကိရိယာများဖြင့် ဓာတ်ခွဲစမ်းသပ် မှုများ ပြုလုပ်ကာ ဓနိနှင့်ဆက်စပ်သော စားသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချနေသည့် ၎င်း၏ လုပ်ငန်းမှာ အထူးအောင်မြင်လျက်ရှိပြီး ပြည်ပဈေးကွက်အထိ ထိုးဖောက်ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း MSME လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဒေါ်ဟေမာစံထံမှ သိရသည်။
“ကျွန်မက ဒီလုပ်ငန်းတွေကို ၂၀၁၈ ကတည်းက စတင်ခဲ့ပါတယ်ရှင့်၊ ပထမတော့ နေပြည်တော်မှာ အခြေပြုခဲ့တာပါ၊ နေပြည်တော် MSME အသင်းဝင် SME အသင်းဝင်တစ်ယောက်အနေနဲ့ မြန်မာပြည် အနှံ့ကို SME ထုတ်ကုန်ပြပွဲတွေမှာ လိုက်လံပြသပြီးတော့ ဒီကုန်ထုတ်လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပါတယ်ရှင့်၊ ဓနိနဲ့ ပတ်သက်ပြီး ဓနိဝိုင်ရယ် ဓနိဖူးလက်ဖက်ခြောက်အပါအဝင် အမျိုးပေါင်း ၁၀ ကျော်ကို ထုတ်လုပ်နေပါတယ်၊ ဆေးဝါးအလုပ်အနေနဲ့ အမျိုပေါင်း ၅ မျိုးလောက်ကို ထုတ်လုပ်ဖြန့်ချီ နေပါတယ်၊ အခုလက်ရှိ ကျောက်ဖြူမြို့မှာ အခြေပြုထုတ်လုပ်နေတာဖြစ်ပြီးတော့ မြန်မာနိုင်ငံ အနှံ့အပြား တင်ပို့ရောင်းချလျက်ရှိပါတယ်၊ ပြည်ပအထိ ထုတ်လုပ်ဖြန့်ချီသွားဖို့ ရှိပါတယ်၊ ပြီးတော့ ရခိုင်ပြည်နယ် အနေနဲ့ မြို့တစ်မြို့မှာ ကုန်ထုတ်လုပ်ငန်း တစ်ခုရှိနေရင်တောင် ထမင်းအိုးလေးတည်ပြီးသား ဖြစ်သွားမှာပေါ့နော်”ဟု ၎င်းကပြောသည်။
ယခင်က ဓနိနှင့် ပတ်သက်၍ မိရိုးဖလာဓနိပေါင်းခံရည် ထုတ်လုပ်သော နည်းပညာတစ်ခုကိုသာ သိရှိပြီး လူမှုကွန်ယက်စာမျက်နှာများမှတဆင့် ကိုးရီးယားနှင့် ဂျပန်တွင် အမျိုးပေါင်း တစ်ရာကျော်ကို ထုတ်လုပ်ကြောင်း သိရှိသဖြင့် ဘိုးဘွားပိုင်ဓနိတန်းရှိသည့် ရခိုင်ပြည်နယ်သို့ သွားရောက်ကာ သုသေသနပြု ထုတ်လုပ်ခြင်းဖြစ်ကြောင်း ပြောသည်။
“ကျွန်မတို့က ဓနိနဲ့ပတ်သက်ပြီးတော့ မိရိုးဖလာဓနိပေါင်းခံရည် ထုတ်လုပ်တဲ့ နည်းပညာတစ်ခုကိုသာ သိရှိပြီးတော့ လူမှုကွန်ယက်စာမျက်နှာများတွေကို သုံးစွဲရာကတဆင့် ကိုးရီးယားနှင့် ဂျပန်နိုင်ငံတွေမှာ အမျိုးပေါင်း တစ်ရာကျော်ကို ထုတ်လုပ်ကြောင်း သိရပါတယ်၊ ကျွန်မတို့အနေနဲ့ ဘိုးဘွားပိုင်ဓနိတန်းရှိတဲ့ ရခိုင်ပြည်နယ်သို့ သွားရောက်ပြီးတော့ စဉ်ဆက်မပြတ် သုသေသနပြုလုပ်ပြီး ဓနိနဲ့ ပတ်သက်တဲ့ အမျိုးပေါင်း ၁၀ ကျော်ကို ထုတ်လုပ်လာနိုင်ခဲ့ပါတယ်၊ ဓနိပင် ဓနိတန်းဟာ ဂျင်ဆင်းဓာတ်ထက် ၄၄ ဆ ပိုစွမ်းတာကို တွေ့ရှိခဲ့ရပါတယ်၊ ဓနိဝိုင်ရယ် ဓနိဖူးလက်ဖက်ခြောက်၊ ယို၊ Vinegar အပါအဝင် အမျိုးပေါင်း ၁၀ ကျော်ကို ထုတ်လုပ်လာနိုင်ခဲ့ပါတယ်၊ ရှေ့ဆက်ပြီးတော့ နောက်ထပ်ဆေးများကိုလည်း ဆက်လက် ထုတ်လုပ်သွားပါ မယ် ” ဟု ပြောသည်။
ရခိုင်ပြည်နယ် MSME အသင်းအနေဖြင့် နည်းပညာတွေကို စဉ်ဆက်မပြတ် ဖြန့်ဝေပေးနေကြောင်း၊ ပြည်နယ်အတွက် လိုအပ်ချက်ရှိနေသော မှတ်ပုံတင်အမှတ်များ၊ SME ကတ်များ စသော လိုအပ်ချက်များကို ကူညီပေးလျက်ရှိကြောင်း၊ လက်ရှိ ရခိုင်ပြည်နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုစွမ်းအားလုပ်ငန်းများ အများအပြား မရှိသေးကြောင်း၊ ဒေသတွင်ရှိသည့် ကုန်ကြမ်းများကို အသုံးပြုပြီး ထုတ်ကုန်များကို ကြိုးစားထုတ်လုပ်စေချင်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူများကို ဓနိနဲ့ပတ်သက်သော လုပ်ငန်းများနှင့် ပတ်သက်၍ နည်းပညာများ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ကြောင်း ဆက်လက်ပြောကြားသည်။
ဓနိပင်မှ ရရှိသည့် ဓနိဖူးများအား ခုတ်ယူ၍ သင့်တင့်သော အရွယ်အစားများအဖြစ် လှီးဖြတ်ကာ သဘာဝနေရောင်ခြည်ဖြင့် အခြောက်ခံ ရရှိလာသော ဓနိဖူးခြောက်ရည်ကို သောက်သုံးခြင်းဖြင့် ကင်ဆာ၊ ဆီးချို၊ နှလုံးသွေးကြောဆိုင်ရာရောဂါများနှင့် အာရုံကြောဆိုင်ရာရောဂါများအပြင် မျက်စိမှုန်၊ အဆစ်အမြစ် ရောဂါ စသော ရောဂါများ ပျောက်ကင်းစေပြီး မိတ်ကပ်၊ သွားတိုက်ဆေးနှင့် ခေါင်းလျှော်ရည်များ အပါအဝင် ထုတ်ကုန်အမျိုးအစားပေါင်း ၁၀၀ ကျော်ထိ ထုတ်လုပ်နိုင်ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)