မိုင်းပျဥ်း ဩဂုတ် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ (၂၅) ရက်နေ့မှ (၂၈)ရက်နေ့အထိ ဖာဝေါအုပ်စု၊ တောင်သုံးလုံးကျေးရွာနှင့် မိုင်းမန်းအုပ်စု၊ အေးချမ်းကျေးရွာတို့တွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဆတ်လက်၍ တိရစ္ဆာန်ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်ဇင်ထက်က ဩဂုတ်လ (၁၅)ရက်မှ (၃၀) ရက်နေ့အထိ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် ကျွဲ၊ နွားများ ခွါနာ လျှာနာရောဂါ၊ အရေပြားအကျိတ်နာရောဂါနှင့် အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်း အသိပညာပေးဟာပြောပြီး တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ခြင်း လက်ကမ်းစာစောင်များကို တက်ရောက်လာသူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ကျေးရွာရှိ ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကုသခြင်းလုပ်ငန်းများကို ကျေးရွာအုပ်စုများအလိုက် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်နောင်ထွန်း(ပြန်/ဆက်)