မအီ ဩဂုတ် ၂၉
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ တောင်ပေါ်ဒေသနေပြည်သူများနှင့် မအီမြို့ပေါ် ဒေသခံပြည်သူအချို့မှာ မိုးတွင်းကာလတွင် သဘာဝအလျောက် ရာသီအလိုက် ပေါက်ရောက်သည့် မျှစ်များကို တပိုင်တနိုင် ချိုးယူရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိကြောင်း သိရသည်။
ထိုသို့ မျှစ်များကို ကိုယ်တိုင်ချိုးယူရောင်းချသူ မအီမြို့၊ အမှတ်(၄)ရပ်ကွက်မှ ဒေါ်စိုးသန်းအေးအား တွေ့ဆုံမေးမြန်းခဲ့ရာတွင်" မျှစ်ချိုးရာမှာ တစ်နေ့စာရောင်းဖို့အတွက် တပိုင်တနိုင် ချိုးတာနှင့် ရသလောက်ချိုးယူတာဆိုပြီး နှစ်မျိုးရှိပါတယ်။ ကျွန်မတို့က တပိုင်တနိုင် ချိုးယူရောင်းချခြင်းဖြစ်ပါတယ်။ တစ်ပိုင်တစ်နိုင်ဆိုရာမှာ မျှစ်အစိမ်းတွေကို ရက်ရှည်ကြာစွာ ထားရှိ၍ မရနိုင်တာကြောင့် မိမိဒေသရဲ့ ဝယ်လိုအားအပေါ်မူတည်ပြီး တစ်နေ့စာရောင်းချဖို့ရန် ချိုးယူခြင်းဖြစ်ပါတယ်။ ရသလောက် ချိုးယူခြင်းမှာ မိုးကုန်တဲ့အခါ ရောင်းချဖို့ မိုးတွင်းကာလတစ်လျှောက် မျှစ်ချဉ်လုပ်ပြီး သိုလှောင်ထားဖို့ရန်အတွက် ချိုးယူကြတာဖြစ်ပါတယ်။ " ဟု ပြောသည်။
တစ်နေ့စာရောင်းချရန် ချိုးယူရာ၌ တစ်နေ့လျှင် မျှစ်အချောင်းရေ ငါးရာ/ခုနစ်ရာခန့်သာ ချိုးယူကြကြောင်း၊ ရသလောက်ချိုးယူရာ၌ တစ်ရက်လျှင် တစ်ဦးကို မျှစ်အချောင်းရေ ၁၀၀၀ ကျော်အထိ ချိုးယူရရှိနိုင်ကြောင်း၊ မျှစ်များထွက်ရှိရာ မအီချောင်းဖျားရှိ ရွာများတွင်ဝယ်လျှင် မျှစ်အချောင်း ၁၀၀ ကို ၂၅၀၀ ကျပ်ဖြင့် ရောင်းချရသော်လည်း မအီမြို့ဈေးတွင် မျှစ်အချောင်း ၁၀၀ ကို လက်ကားဈေး ၄၀၀၀ ကျပ်နှင့် လက်လီဈေးအနေဖြင့် ငွေကျပ် ၅၀၀ ဖိုးကို ၁၀ ချောင်း ရောင်းချရကြောင်း ၎င်းက ဆက်လက်ပြောသည်။
မျှစ်များကို မအီမြို့နယ်အတွင်းရှိ သဒွန်ကျေးရွာအုပ်စုမှ ကျေးရွာများနှင့် လက်ပံကျေးရွာအုပ်စုအတွင်းရှိ ခြေတော်ရာ၊ အညင်းတောင်၊ ဝက်ရ၊ ဆံထုံးကျေးရွာများမှ ရခိုင်တိုင်းရင်းသား၊ ချင်းတိုင်းရင်းသားအများစုတို့က မိုးတွင်းကာလ၌ မိသားစုစားဝတ်နေရေး အဆင်ပြေစေရေး၊ အပိုဝင်ငွေရရှိရေးတို့အတွက် တပိုင်တနိုင် ချိုးယူရောင်းချကြကြောင်း သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)