လယ်ဝေး သြဂုတ် ၂၉
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်နိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မြန်မာနယူးဧရာ စိုက်ပျိုးရေးကုမ္ပဏီလိမိတက်၏ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု စိုက်ခင်းအား ကွင်းဆင်းကြည့်ရှုသည်။
ရှေးဦးစွာ မြန်မာနယူးဧရာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက မိုးစပါးစိုက်ပျိုးထားရှိမှုအား ရှင်းလင်းတင်ပြသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်က စပါးမျိုးကောင်းမျိုးသန့်များကို ရွေးချယ်၍ စနစ်တကျစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်းသည့် သီးနှံများဖြစ်ထွန်းကာ မျိုးစေ့ထုတ်လုပ်ငန်းအတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ဧရာမင်းမျိုးစပါး ၁၂ ရက်သား စိုက်ခင်းအတွင်း သွင်းအားစုမြေသြဇာကြဲပက်နေမှုများနှင့် မျိုးစေ့ထုတ် စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့သည်။
မြန်မာနယူးဧရာကုမ္ပဏီအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဧရာမင်း မျိုးစပါးအား လယ်မြေ ၆၅ ဧကနှင့် စူပါနှံကောက်မျိုးစပါး လယ်မြေ ၂၀ ဧက စုစုပေါင်း ၈၅ ဧက တွင် စိုက်ပျိုးထားရှိပြီး မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)