ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အဆင့် ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားပြုလုပ်

 မောင်တော  ဩဂုတ် ၂၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်အဆင့် ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်  ခရိုင်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံက အမှာစကားပြောကြားရာတွင် အာဟာရဖွံ့ဖြိုး တိုးတက်ရေး၏ အရေးပါပုံကို ပြည်သူ့လူထုမှ ပိုမိုသတိပြုမိလာစေပြီး အာဟာရဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားစေရေး၊ လူသားများအားလုံး အသက်ရှင်သန်ရေး၊ ကိုယ်ခန္ဓာဖွံ့ဖြိုးရေးနှင့် ဦးနှောက်အသိဉာဏ်ဖွံ့ဖြိုးရေးအတွက် နေ့စဉ်စာသုံးသည့် အစားအစာများသည် သန့်ရှင်းပြီး အာဟာရဓာတ်များ ပြည့်ဝရန်လိုကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးမှုအတွက် အခြေခံကျသည့် ကျောင်းသားလူငယ်များ ကျန်းမာသန်စွမ်းရေး အာဟာရဖွံ့ဖြိုးစေရန် အာဟာရစောင့်ရှောက်ရေးနှင့် အာဟာရရက်သတ္တပတ်ကျင်းပပြုလုပ်ရခြင်းများနှင့် ကျန်းမာရေး လှုပ်ရှားမှုအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ  ဒေါ်ခင်စန္ဒာဝင်းနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များနှင့် တာဝန်ရှိသူများက အသက် ၆ လမှ တစ်နှစ်ကြားရှိ ကလေးများအား  ဗီတာမင်အေတိုက်ကျွေးခဲ့ကြပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများကို အားဆေးနှင့် အာဟာရ ဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသူများက ခင်းကျင်းပြသထားသော အာဟာရအုပ်စုများ၊ ပို့စတာများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်